ထင်ထင်ရှားရှား မဲမသမာမှုများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၈  ရက်)

၂ဝ၂ဝ  ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် NLD  ပါတီ၏ တရားမဲ့ပြုကျင့် လုပ်ဆောင်ခဲ့မှုများကို နေ့စဉ်သတင်းစာ များတွင် ကျကျနန ဖော်ထုတ် တင်ပြလျက်ရှိသည်။ ကျကျနနဆိုသော စကားမှာ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနေခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ မဲလိမ်မဲခိုး မဲမသမာမှု စကားရပ်ထက် ပိုမိုဆိုးရွားလွန်းသော လုပ်ဆောင်ချက်များကို NLD ပါတီက လုပ်ဆောင်ခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည်ကို မကျေမနပ်ဖြစ်နေသူများသည် NLD ပါတီ၏လုပ်ဆောင်ချက်များကို အမှန်အတိုင်း သိသင့်သည်။ သိအောင်ကြိုးစားသင့်သည်။

ငါတို့မဲပေးခဲ့တာပဲ ဟူသော စကားရပ်လေးဖြင့် NLD ပါတီ၏ လုပ်ရပ်မှန်ခဲ့သည် မဟုတ်ပါ။ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ် ကာလတွင် ငါးထောင်တန်များ အထပ်လိုက် ဝေငှနေခြင်း၊ အနှေးယာဉ်လုပ်သားများအား တန်းစီကာ ငွေကြေးပေးနေခြင်း၊ ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သော ငွေကြေးများပေးအပ်ရာတွင် NLD ပါတီမှ ပေးခြင်းဖြစ်၍ ထိုပါတီကိုမဲထည့်ရန် ပြောဆိုခြင်းစသော ဗီဒီယိုဖိုင်များသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ကြိုတင်မဲ ကောက်ခံမှုများတွင်လည်း ဥပဒေနှင့် လုံးဝညီညွတ်မှုမရှိခဲ့။ အခြားသော ပါတီများက သဘောထား ထုတ်ပြန်ကန့်ကွက်ခဲ့သော်လည်း UEC အနေဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း အလျှင်းမရှိခဲ့ပေ။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ခဲ့သည်။ မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲ ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဖြစ်သည်။ အပြန်အလှန် တာဝန်ခံရသည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင်လည်း တပ်မတော်အနေဖြင့် မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ (၂၉) ကြိမ်တိုင်တိုင် ထုတ်ပြန်ပေးခဲ့သည်။ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင်လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင် အထောက်အထား ခိုင်ခိုင်လုံလုံ ရှင်းလင်းပြခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်တွင် မဲစာရင်း စစ်ဆေးတွေ့ရှိချက် ပေါင်းချုပ်ကို ထုတ်ပြန်ပေးခဲ့သည်။

ထိုစဉ်က တာဝန်ရှိသူများသည် လည်းကောင်း၊ မီဒီယာများသည် လည်းကောင်း ကောင်းမွန်သော အဖြေတစ်ခုရရှိရန် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ခြင်း လုံးဝမရှိဘဲ NLD ပါတီ၏ တရားမဲ့ပြုကျင့်ထားသော မဲရလဒ်ကို ဆုပ်ကိုင်ထားခဲ့သည်။

ယခုအခါ ခိုင်မာသော သက်သေများနှင့် လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ လက်တွေ့အားဖြင့် ဇွန်လ ၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှုများ ဖော်ပြထားသည်။  ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၁၇-၁၁-၂ဝ၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/၂ဝ၁၇)ဖြင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို ဥက္ကဋ္ဌဦးဝင်းမောင်နှင့် အများယုံကြည် လေးစားခြင်း ခံရသောအဖွဲ့ဝင် ၅ ဦး ပါဝင်ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မိတ္တူပေးပို့ခဲ့ရာ ယခင်ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်အား ၎င်း၏နေအိမ်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းမှုကို မကျေနပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဖုန်းဆက်မည်ဖြစ်ကြောင်းနှင့် ဦးဝင်းမောင် အနေဖြင့်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရေးအတွက် စဉ်းစားရန် မလိုကြောင်း ပြောကြားခဲ့သည်။

ယခင့်နဃ ကလည်း အဆိုပါကြေညာချက်ကို ချက်ချင်းပြန်လည် ရုပ်သိမ်းပြီး ၄-၁၂-၂ဝ၁၇ ရက်စွဲဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ထပ်မံဖွဲ့စည်းခဲ့ရာ ယခင်ဥက္ကဋ္ဌ ဦးဝင်းမောင် မပါရှိတော့ပေ။ အသစ်ဖွဲ့စည်းသော အဖွဲ့ခွဲတွင် အများစုမှာ NLD ပါတီနှင့် ဆက်နွှယ်မှုရှိသူများ ဖြစ်သည်။ အဖွဲ့ဝင် (၄) အဖြစ်ပါဝင်သူ ဒေါ်စန်းစန်းမြတ်သည် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ တူမအရင်းဖြစ်သည်။ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင်လည်း ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ခွင့်ပြုချက်ရရှိမှသာ တာဝန်ပေးအပ်ရမည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ခေါ်ယူပြောဆိုခဲ့ကြောင်း တွေ့ရှိရသည်။  အာဏာရပါတီသည့် UEC (ဟောင်း)အား လက်ခုပ်တွင်းကရေ သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်မဲ အနိုင်ရရေးကို မသမာသော နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည်မှာ လွန်စွာထင်ရှားပါကြောင်း ရေးသားလိုက်ရပေသည်။     ။