နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူဖွယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၂၃ ရက် ဒေသစံတော်ချိန်နံနက်ပိုင်းတွင် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး “ကမ္ဘာ့နိုင်ငံရေး အခြေအနေတွင် အာရှ-ပစိဖိတ်ဒေသအရေးအား ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်ဆွေးနွေးသည်။ ဇွန် ၂၃ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှစစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီရှုသ်ကင်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊  စစ်ဘက်နည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများကို စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့်အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတို့ ကြောင့် စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) ၏ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ (Honorary Professor of the Russian Military University) အဆောင်အယောင်များဖြစ်ကြသည့် ဘွဲ့ဝတ်ရုံ၊ ခေါင်းဆောင်း၊ ဘွဲ့တံဆိပ်၊ ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်သည်။ ထို့ပြင် စစ်တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရင်ထိုးတံဆိပ်ကိုလည်း ဂုဏ်ပြုတပ်ဆင်ပေးသည်။ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်နေစဉ်အတွင်း အဆိုပါစစ်တက္ကသိုလ်မှ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့” ပေးအပ်ချီးမြှင့်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမိုင်းကြောင်း ကောင်းမွန်လှသည့် ယခုစစ်တက္ကသိုလ်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကိုလက်ခံရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခ၏ ဂုဏ်ဒြပ်နှင့်အညီ ရုရှား-မြန်မာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နှစ်နိုင်ငံစစ်ဘက်-အရပ်ဘက်လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိစေမည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ စစ်ဘက်နည်းပညာနှင့် သိပ္ပံနည်း ပညာရပ်ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် နယ်ပယ်ပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

မော်စကိုမြို့တွင်ဖွင့်လှစ်ထားသည့် အဆိုပါစစ်ဘက်ဆိုင်ရာတက္ကသိုလ်သည် ရုရှားနိုင်ငံ၏ရှေးအကျဆုံး တက္ကသိုလ်များ အနက် တစ်ခုဖြစ်သည်။ ၁၉၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် သင်တန်းကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ရာမှ ၁၉၇၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် စစ်ဘက်ဆိုင်ရာကောလိပ်အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၉၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် စစ်ဘက်ဆိုင်ရာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ သည်။ အဆိုပါတက္ကသိုလ်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာပညာရပ်များ၊ သိပ္ပံပညာရပ်များ၊ စီးပွားရေးဆိုင်ရာပညာရပ်များနှင့် တရားဥပဒေရေးရာပညာရပ်များကို သက်ဆိုင်ရာနှစ်အလိုက်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် Vladimir Lenin စစ်ဘက်ဆိုင်ရာ နိုင်ငံရေးသင်တန်းကျောင်း၊ နိုင်ငံခြားဘာသာစကားဆိုင်ရာ စစ်ဘက်သင်တန်းကျောင်း၊ ဥပဒေရေးရာစစ်ဘက်သင်တန်းကျောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စစ်ဘက်သင်တန်းကျောင်း၊ Lviv စစ်ဘက်ဆိုင်ရာနိုင်ငံရေး သင်တန်းကျောင်းနှင့် မော်စကိုမှန်လုံအိမ် စိုက်ပျိုးရေး နည်းပညာဆိုင်ရာ စစ်ဘက်သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်မှုတွင် ပတ်ဝန်းကျင်ကောင်းနှင့် မိတ်ဆွေကောင်းလိုအပ်သည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်း ပတ်ဝန်းကျင်ကောင်းရှိနေသကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကဲ့သို့ မိတ်ဆွေကောင်းရှိနေရန် လိုအပ်ပေသည်။ ထို့ထက်ပို၍ အလိုအပ်ဆုံးအရာသည်ကား မိမိနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် နိုင်မည့် နိုင်ငံ့ခေါင်းဆောင်ကောင်းရှိနေရန်ဖြစ်သည်။ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အကြီးအကဲတစ်ဦးကို ယခုကဲ့သို့ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးအပ်ချီးမြှင့်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူ ဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။