နိုင်ငံရေးဂုဏ်သိက္ခာရှိခြင်း မရှိခြင်း

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် မဲမသမာမှုပြုလုပ်ခဲ့ပြီး ထိုမဲမသမာမှုအတွက် သက်ဆိုင်သည့် ယခင်ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် ပြိုင်ပွဲဝင်ပါတီများနှင့် တပ်မတော်က တောင်းဆိုခဲ့သည်။ လုံး၀ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မရယူရန် ကြိုးစားခဲ့သည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်၏ အာဏာသုံးရပ်လွှဲအပ်ခဲ့သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းရန် ပျက်ကွက်ခဲ့ပြီး တစ်ပါတီအာဏာအပိုင်ရရေးကိုသာ မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအစိုးရတစ်ရပ် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုအစိုးရသည် ဒီမိုကရေစီ နည်းလမ်းကျစွာ အရပ်ဘက်စစ်ဘက် မျှတစွာတာဝန်ပေးထားပြီး အမှန်တကယ် စွမ်းဆောင်ရည်ရှိ သူများကိုသာ တာဝန်ပေးအပ်သည်။ တတ်သိကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသည့်အတွက် ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် နိုင်ငံ့ ဂုဏ်သိက္ခာမြင့်မားနေခြင်းမှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။

ယခင်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍ မှေးမှိန်နေပြီး ပြည်သူ အများစုက အားရကျေနပ်မှုမရှိခဲ့ပေ။ ယခုအစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင် ချက်ကို ပြည်သူများကျေနပ်နှစ်သက်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် တိကျခိုင်လုံမှုမရှိသော အချက်အလက်များအပေါ် စိစစ်မှုမရှိဘဲ တစ်ဖက်သတ်ထုတ်ပြန်ပြောဆိုမှုများကို ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်တွေ့ရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာန ကိုယ်စားလှယ်အဖွဲ့မှရရှိသည့် အတည်မပြုနိုင်သည့် အချက်အလက်များအပေါ် ကိုးကားလျက် ဆန္ဒပြသူများ၏ ဖမ်းဆီး၊ သေဆုံးစာရင်းများနှင့်ပတ်သက်ပြီး ၂၉-၆-၂၀၂၁ ရက်နေ့က ပြောဆိုခဲ့မှုများသည် မှန်ကန်တိကျမှုမရှိကြောင်း တွေ့ရှိရသဖြင့် ယင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ပါသည်။

ယင်းသို့ကန့်ကွက်ကြောင်းနှင့် ကုလသမဂ္ဂ Website ရှိ နိုင်ငံများဖော်ပြသည့် မြန်မာနိုင်ငံနေရာတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG Website သို့ ချိတ်ဆက်ဖော်ပြထားမှုအပေါ် ကန့်ကွက် ကြောင်းနှင့် ယင်းသို့ချိတ်ဆက်ဖော်ပြထားခြင်းသည် မှန်ကန်မှုရှိ၊ မရှိ ဆောလျင်စွာစိစစ်ပြန်ကြားပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်မြို့၌ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးအဖွဲ့၏ တာဝန်ရှိသူအား ၂-၇-၂၀၂၁ ရက်တွင် ခေါ်ယူ ကန့်ကွက် အသိပေးပြောကြားခဲ့ပြီးဖြစ်ပါသည်။

ကုလသမဂ္ဂအနေဖြင့် သတင်းထုတ်ပြန်မှုနှင့် ရှင်းလင်းမှုပြုလုပ်ရာတွင် တိကျခိုင်လုံမှုမရှိသော အချက် အလက်များအပေါ် စိစစ်မှုမရှိဘဲ တစ်ဖက်သတ်ထုတ်ပြန်ပြောဆိုမှုများကို မပြုလုပ်ရန်နှင့် ယင်းသို့ မပြုလုပ်မီ သက်ဆိုင်ရာအစိုးရဌာနများနှင့် စိစစ်အတည်ပြုရန် အထူးလိုအပ်ကြောင်း ဖော်ပြအပ်ပါသည် ဟူ၍ သတင်း ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၇ ရက်နေ့တွင်လည်း ဇော်ဝေစိုးက ပြင်သစ်အစိုးရပိုင် မီဒီယာမှတစ်ဆင့် ပြည်တွင်း၌ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မဟုတ်မမှန် ပြောဆိုခဲ့မှုများအား မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ထားသည်မှာလည်း အားရဖွယ် ကောင်းလှသည်။

ပြင်သစ်အစိုးရမီဒီယာမှတစ်ဆင့် တွေ့ဆုံမေးမြန်းသည့်အစီအစဉ်ကိုအသုံးပြု၍ ပြည်တွင်း၌ဖြစ်ပေါ်နေ သည့်အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်နေမှုနှင့် မဟုတ်မမှန်ပြောဆိုနေမှုများကို မြန်မာနိုင်ငံက ကန့်ကွက်ပါကြောင်း အသိပေးဖော်ပြထားသည်။ NUG သည် အကြမ်းဖက် အဖွဲ့အစည်း သာဖြစ်သည်။ ထိုအကြမ်းဖက်အဖွဲ့သည် ဇွန် ၂၄ ရက်တွင် ပြင်သစ်အောက်လွှတ်တော် အမတ်အချို့နှင့် လည်းကောင်း၊ ဇွန် ၃၀ ရက်တွင် အထက်လွှတ်တော်အမတ်အချို့နှင့်လည်းကောင်း Online မှတစ်ဆင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံတမန် လမ်းကြောင်းမှတစ်ဆင့် ပြင်သစ်ဘက်သို့ ကန့်ကွက်မှုများပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကို ပြည်သူများအနေဖြင့် အားရသည်၊ ကျေနပ်သည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံတိုင်းနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံနေသောနိုင်ငံဖြစ်သည်။ သူတစ်ပါးပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို မိမိနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာခြင်းမျိုးကိုလည်း လုံးဝလက်ခံမည်မဟုတ်ပါ။ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားသည့် နိုင်ငံအချို့ကိုလေ့လာကြည့်လျှင် ထိုနိုင်ငံတို့သည် မိမိနိုင်ငံ၏ဂုဏ်သိက္ခာကို တန်ဖိုးမထားဘဲ နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲအစိုးရတစ်ရပ်ကို ဆန့်ကျင်ပုန်ကန်နေသည့် သူပုန်များနှင့် ဆက်သွယ်နေခြင်းမှာ ရှက်ဖွယ်ကောင်းသောလုပ်ရပ်ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေး ဂုဏ်သိက္ခာရှိခြင်း၊ မရှိခြင်းကို သုံးသပ်နိုင်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။