နေပြည်တော်မြို့တော်အား စံပြအဖြစ် ဆောင်ရွက်မည်

နေပြည်တော်မြို့တော်အား စံပြအဖြစ် ဆောင်ရွက်မည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်   ၂ဝ  ရက်)

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ကို ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဖွင့်ခဲ့သည်မှာ ယခုအခါ ၁၅ နှစ်နှင့် ၆ လရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်များနှင့် ကိုက်ညီစေရန် မြို့တော်အား တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းကောင်းကြားသိရသည်။နေပြည်တော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခင်က နေပြည်တော်အား မပြည့်မစုံဖြင့် စတင်ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှုများ ရှိလာပြီဖြစ်သည်။

နေပြည်တော်၏ ဧရိယာအကျယ်အဝန်းမှာ ၂၇၂၅ စတုရန်းမိုင်ရှိပြီး နေပြည်တော်အား သီရိငါးမြို့နယ်နှင့် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့များနှင့် ပေါင်းစပ် တည်ဆောက်ထားခြင်းဖြစ်သည်။ မြို့နေလူဦးရေမှာ ၁ ဒသမ ၁၄၈ သန်းခန့်ရှိပြီး ကျေးလက်နေလူဦးရေ ၇ဝ ရာခိုင်နှုန်းဖြင့် မြို့ပြနေ ၃ဝ ရာခိုင်နှုန်းရှိသည်။

မြို့နေလူဦးရေတွင် အစိုးရဝန်ထမ်းများမှာ ရာခိုင်နှုန်းအားဖြင့် များပြားသည်။ ထိုအစိုးရ ဝန်ထမ်းအများစုမှာ ယခင်ရန်ကုန်မြို့မှ ရွှေ့ပြောင်းကြရသူများဖြစ်သည်။ ရန်ကုန်သူ၊ ရန်ကုန်သားတို့သည်လည်း နေပြည်တော်တွင် ၁၅ နှစ်ကျော်ကြာ နေထိုင်လာကြပြီးဖြစ်သဖြင့် နေပြည်တော်၏ သာယာအေးချမ်းမှုကို နှစ်သက်သဘောကျပြီး ယခုဆိုလျှင် အငြိမ်းစားဝန်ထမ်း အများစုသည် နေပြည်တော်တွင်ပင် အခြေချနေကြပြီဖြစ်သည်။

နေပြည်တော်သည် ယခင်က တောဖြစ်သော်လည်း လူ့မနှောဖြင့် ကြိုးစားတီထွင် ဖန်တီးလိုက်သောအခါ ဥပ္ပါတသန္တိစေတီတော်၊ သတ္တသတ္တာဟစေတီတော်၊ မဟာသကျရံသီဘုရားနှင့် လက်ရှိ တည်ထားလျက်ရှိသော မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တိုင်းရင်းသားကျေးရွာ၊ ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ တပ်မတော် စစ်သမိုင်းပြတိုက် စသည်ဖြင့် ခံ့ခံ့ညားညား ပေါ်ထွန်းလာပြီဖြစ်သည်။ ရာသီဥတုအနေဖြင့်လည်း လူသားတို့၏ ''သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး'' ဆိုသကဲ့သို့ သစ်တောသစ်ပင် ထူထပ်လာမှုကြောင့် ရာသီဥတုကောင်းမွန်သည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။

ထူးခြားသည်မှာ ယခင်က မိုးနည်းရပ်ဝန်းဖြစ်သော်လည်း နေပြည်တော် တည်ထောင်ပြီးသည်မှစ၍ တစ်နှစ်လျှင် မိုးရွာရက် ၈ဝ မှ ၉ဝ ကြားရှိပြီး မိုးရေချိန်လက်မ ၅ဝ ဝန်းကျင် ရွာသွန်းကြောင်း သိရှိရသည်။ ရာသီဥတု မျှတကောင်းမွန်သည်မှာ မြို့တော်နေပြည်သူများအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ နေပြည်တော်တွင် စိုက်ပျိုးရေးအနေဖြင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ကြံများစိုက်ပျိုးပြီး မွေးမြူရေး အနေဖြင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်နှင့် ငါးများကို မွေးမြူကြသည်ဖြစ်၍ စားရေရိက္ခာအတွက် စိုးရိမ်ဖွယ်မရှိသော အခြေအနေဖြစ်သည်။

ပညာရေးပိုင်းဆိုင်ရာတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်နှင့် သစ်တော တက္ကသိုလ် စသည့် အဓိကတက္ကသိုလ်သုံးခု ရှိပြီး စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများရှိသည်။ နေပြည်တော်နှင့်အတူ ပေါ်ထွန်းလာသော အခြေခံပညာ အထက်တန်းကျောင်းများ၏ တည်ရှိမှု အနေအထားမှာ သပ်ရပ်ခံ့ညား ကြီးကျယ်ပြီး သန့်ရှင်းသော ကျောင်းများအဖြစ် တွေ့မြင်နိုင်သည်။ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ခြင်းကို ညွှန်းဆိုပြနေခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၇ ရက်  မွန်းလွဲပိုင်းတွင် ကျင်းပသည့် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ''နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ သန်း ၂ဝ အထိ နေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သဖြင့် မြို့ပြစီမံကိန်းများ တည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စကားလမ်းများ၊ လျှပ်စစ် ဘတ်စကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံ ဆောင်ရွက်ထားရန် လိုကြောင်း၊ နေပြည်တော်ဘူတာကြီးအား တစ်နိုင်ငံလုံး၏ ဗဟိုချက်ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လေကြောင်းပို့ဆောင်ရေး စနစ်များသည်လည်း နေပြည်တော်ကို ဗဟိုပြု၍ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိလမ်းများ၊ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း'' ထည့်သွင်းမှာကြားခဲ့သည်။

နေပြည်တော်ကြီး စည်ကားတိုးတက်တော့မည့် သတင်းကို မျှော်လင့်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။

များမကြာမီတွင် ဝန်ထမ်းအိမ်ရာများ စည်ကားစေရေးအတွက် ရပ်ကွက်များ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပလက်ဖောင်းများ စနစ်တကျပြုပြင်ခြင်း၊ သာမန်လူနေရပ်ကွက်များတွင် အိမ်ရာများ ဆောက်လုပ်ရာ၌ အထပ်မြင့် ဆောက်လုပ်ခြင်းများ ရှိလာတော့မည်ဖြစ်သည်။ ထို့ပြင် နေပြည်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးကဏ္ဍ တို့တွင် စံပြမြို့တော်ဖြစ်စေရေး အတွက် လိုအပ်သည့်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အထက်ပါ အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက မိမိတို့ အနေဖြင့် နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်သည့် မြို့တော်တစ်ခုဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်မှာ ပြည်သူများအတွက် ဝမ်းသာဖွယ် သတင်းကောင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။