နေအိမ်တိုက်ခန်း ငှားတော့မည်ဆိုလျှင်

နေအိမ်တိုက်ခန်း ငှားတော့မည်ဆိုလျှင်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်)

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံရန် သို့မဟုတ် ယာယီနေထိုင်ရန် ခွင့်ပေးထားသည့် အဆောက်အအုံများနှင့် စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေး ထုတ်ပြန်ချက်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၁ဝ ရက်မှစ၍ နေ့စဉ်ဖော်ပြပေးလျက်ရှိသည်။ ရုပ်မြင်သံကြားများတွင်လည်း နေ့စဉ်ဖတ်ကြား ပေးလျက်ရှိသည်။ ထိုသတင်းများကို မိဘပြည်သူများ သိရှိထားသင့်ပါသည်။ ရိုးသားစွာ နေထိုင်ရှင်သန်ကာ မိမိဘဝကို ဥပဒေဘောင်အတွင်းက ရပ်တည်လိုသူများ အနေဖြင့် ပိုမို၍ သိရှိထားသင့်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သတင်းမီဒီယာများတွင် နေ့စဉ် ထုတ်လွှင့်ပေးနေခြင်းဖြစ်ပါသည်။

အကြမ်းဖက် အဖျက်သမား သောင်းကျန်းသူတို့သည် ပြည်သူလူထုအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတို ငှားရမ်းနေထိုင်လေ့ရှိသည်။

ထိုနေအိမ်၊ တိုက်ခန်းများတွင် နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများဖြစ်သည့် လူသတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဘဏ်များ၊ ရွှေဆိုင်များကို ဓားပြတိုက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ဝင်ရောက်ပစ်ခတ်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်သူများ၏ နောက်ကွယ်တွင် NLD ပါတီဝင်များက စီစဉ်ခိုင်းစေနေကြောင်း ဖော်ထုတ်ရရှိသည့် သတင်းများ၊ လူသက်သေ၊ ပစ္စည်းသက်သေများက ခိုင်ခိုင်မာမာ သက်သေပြလျက်ရှိသည်။

ြီူ ပါတီသည် အာဏာရှိစဉ်ကပင် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းပစ်ခဲ့သည်။

ထိုသို့ဖျက်သိမ်းခဲ့သည့် ဥပဒေများတွင် ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေလည်း ပါရှိသည်။ ဧည့်စာရင်း တိုင်ကြားရန်မလိုသောအခါ မိမိတို့ရပ်ကွက်တွင် လူဝင်/လူထွက်၊ ပြောင်းရွှေ့ ရောက်ရှိလာသူများကို စနစ်တကျ စိစစ်နိုင်ခြင်း မရှိတော့ပေ။ မည်သည့်အိမ်တွင် မည်သူငှားရမ်း နေထိုင်သည်ကို မသိရှိကြဘဲ အိမ်ငှားသူများကလည်း ငွေကြေးရလျှင်ပြီးရော အလွယ်တကူ ငှားရမ်းနေထိုင်ခွင့် ပေးလိုက်သည်။ ပြည်သူအများစုက ရိုးသားစွာ မိမိတို့၏နေအိမ်၊ တိုက်ခန်းများကို ငွေကြေးရလိုမှု သက်သက်ဖြင့် ငှားရမ်းလိုက်ခြင်းဖြစ်သော်လည်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး လူသတ်သမားတို့ကမူ ပြဿနာတစ်ခုခုနှင့် ကြုံလာလျှင် မိမိတို့ ကိုယ်ပိုင်အိမ်မဟုတ်သည့်အတွက် ပူပင်သောက ဖြစ်စရာမရှိပေ။

အမှန်တကယ် နစ်နာသည်မှာ ရိုးသားစွာ ငှားရမ်းနေထိုင်ခွင့်ပြုလိုက်သော အိမ်ရှင်များသာဖြစ်သည်။

ထို့ကြောင့်နိုင်ငံတော် အစိုးရက အကြိမ်ကြိမ် အခါခါ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေး ထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ရိုးသားသော မိဘပြည်သူများ၏ နေအိမ်၊ တိုက်ခန်းများ ဆုံးရှုံးသွားမည်ကို မလိုလားသောကြောင့် အသိပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPHံ၊ ယင်းကဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် အနှောင့်အယှက်ပြုလျက်ရှိသည်။

နိုင်ငံတစ်ဝှမ်း ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများကို အဆိုပါအကြမ်းဖက် အုပ်စုက လုပ်ဆောင်လျက်ရှိရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန် အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲလျက် ရှိသည်။  ဖမ်းဆီးရမိသော လူ၊  လက်နက်ခဲယမ်းမျာနှင့် နေအိမ်၊ တိုက်ခန်းများကိုလည်း လက်တွေ့သိရှိအောင် သာဓကအနေဖြင့် အဆိုပါအသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက် အဖျက်လုပ်ရပ် လုပ်ဆောင်သူတို့သည် အငှားနေအိမ်၊ တိုက်ခန်းများတွင်နေထိုင်ကာ အများပြည်သူကို သတ်ဖြတ်နေခြင်းမှာ  မိဘပြည်သူများ အနေဖြင့် မြွေပွေးကို ခါးပိုက်ပိုက်ထားသည်နှင့် တူပေသည်။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုထင်ရှားပေါ်ပေါက်လာလျှင် အဆိုပါငှားရမ်းပေးထားသော နေအိမ်၊ တိုက်ခန်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်သာ ဖြစ်ရာ ကာလတို ငွေကြေးအမြတ်အစွန်းကို မက်မောမိပါက မိမိတို့၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းနှင့် ကြုံရပေလိမ့်မည်။

ထိုသို့မဖြစ်စေရန် အတွက် နေအိမ်၊ တိုက်ခန်းငှားရမ်းသူ အိမ်ရှင်များ အနေဖြင့် ငှားရမ်းနေထိုင်သည့်သူများနှင့်ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ငှားရမ်းနေထိုင်သူ၏ ကိုယ်ရေးအချက်အလက် အထောက်အထား ပြည့်စုံစွာ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်သည်။ မိမိငှားရမ်းထားသော သူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အချိန်မီ သတင်းပေးပို့ရမည်။ ထိုသို့ပူးပေါင်း လုပ်ဆောင်မှုပြုခြင်းဖြင့် မိမိတို့၏နေအိမ်၊ တိုက်ခန်းများအား အကြမ်းဖက်သမားတို့ အလွဲသုံးစားပြုခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပြီးအကြမ်းဖက်သမားတို့ လူမှုအသိုင်းအဝိုင်းတွင် မှီခိုနေထိုင်ခြင်းမှလည်း ကာကွယ်ရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် နေအိမ်၊ တိုက်ခန်း ငှားတော့မည်ဆိုလျှင် အကြမ်းဖက် အဖျက်သမားတို့နှင့် ဝေးဝေးရှောင်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။