ပင်းတယမြို့နယ်၌ ပဲနောက်ရေထွက်ကို အမှီပြု၍ ပန်းမန်များနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိ

ပင်းတယ  ဒီဇင်ဘာ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ် ကျောက်စုကျေးရွာ အုပ်စုတွင် ပဲနောက်ရေထွက်ကို အမှီပြု၍    စိုက်ကွင်းများ၌ ပန်းမန်များနှင့် ဟင်းသီးဟင်းရွက်များ မိုးဦးကာလမှစ၍ စိုက်ပျိုးလျက်ရှိပြီး သီးနှံများ ဖြစ်ထွန်း အောင်မြင်ကြောင်း သိရသည်။

အဆိုပါ ပဲနောက်ရေထွက်သည် ကျောက်စုကျေးရွာအုပ်စု ကျောက်စုကျေးရွာ၏ အနောက်မြောက်ဘက်တွင်  တည်ရှိပြီး မြေကြီးထဲမှ သဘာဝ ရေသယံဇာတများ ထိုးထွက်လာကာ ရေချောင်းသဖွယ် စီးဆင်း၍ ထိုးပုံ၊ အင်လုံ အစရှိသော ကျေးရွာတို့ကို ဖြတ်သန်းစီးဆင်းကာ သပြေကုန်းကျေးရွာ အနီးတွင်   ဇော်ဂျီရေထွက်ချောင်းနှင့် ပေါင်းဆုံစီးဆင်း သွားကြောင်း သိရသည်။

ပဲနောက်ရေထွက်ကို အမှီပြု၍ ကျောက်စု၊ ကိုးလုံး၊ တောရ စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄ဝ ခန့်တို့က မိုးကာလ၌ မိုးစပါးနှင့်  ဟင်းသီးဟင်းရွက်သီးနှံများ၊ တရုတ်ပန်းခေါ် ဖြူနီပြာဝါ ရောင်စုံပန်းများကို စိုက်ပျိုးရောင်းချကြသည်။

ပင်းတယမြို့နယ်၌ နာမည်ကျော်ဇော်ဂျီ သဘာဝရေထွက်ချောင်းနှင့်အတူ သဘာဝ ရေထွက်များစွာရှိပြီး နှစ်စဉ်နွေရာသီ သီးနှံများကို ရေထွက်ချောင်းများ တည်ရှိရာ ကျေးရွာများဖြစ်သော ရေဖြူ၊ ဇော်ဂျီ၊ အင်လုံ၊ နောင်သခေါ၊ ကျောက်စု၊ ကိုးလုံး၊ ထိုးပုံ၊ တောရ၊ အင်းငယ်၊ သပြေကုန်း၊ မိုင်းအင်၊ မိုင်းလီအစရှိသော ကျေးရွာအများအပြားတွင် မိုးစပါး၊ နွေစပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစရှိသောသီးနှံများ၊ ထောပတ်၊ သရက်၊ နဂါးမောက်၊ လိမ္မော်အစရှိသော သစ်သီးဝလံများ၊ နှင်းဆီ၊ ဂန္ဓမာ၊ ရောင်စုံတရုတ်ပန်းမျိုး အစရှိသည့်ပန်းမန်များနှင့် ဟင်းသီးဟင်းရွက်ပင်များကို အများအပြား စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။