ပန်းခင်းလမ်းမှာ ပါဝင်လျှောက်လှမ်းစို့

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ  ၂၉  ရက်)

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားများသည် မွေးရာပါနိုင်ငံသားများ ဖြစ်ကြသည်။ တိုင်းရင်းသား မဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်း ရှိသည့် ဥပဒေအရ နိုင်ငံသားများလည်း ရှိသည်။ ထို့ကြောင့် လဝကမှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူများ စသည်ဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်တည်မှု အရည်အချင်းပေါ် မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး မရှိသေးသူများ ရှိနေဆဲဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် လူဦးရေ ၄ ဒသမ ၆ သန်းကျော်သည် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးမရှိဘဲ မဲစာရင်းမှာ ပါဝင်နေသည်ကို တွေ့ရှိရသည်။ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့သည် မိသားစုတစ်စုနှင့် လူတစ်ဦးအတွက် အသိအမှတ်ပြုသက်သေခံ အထောက်အထားပင်ဖြစ်သည်။ ယင်းသက်သေခံ အထောက်အထားများက နေရာဌာနတိုင်းတွင် အရေးပါသည်။ မြန်မာနိုင်ငံအတွင်း အဆိုပါသက်သေခံ အထောက်အထား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသူများ သန်းနှင့်ချီ၍ရှိနေသည်။

ယင်းသို့အထောက်အထား တစ်စုံတစ်ရာမရှိသူများမှာ ၎င်းတို့အတွက် ထိခိုက်နစ်နာမှုများလည်း များစွာ ရှိနေသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ ဆန္ဒမဲပေးသည့်ဖြစ်ရပ်မျိုး နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဖြစ်စေရန်အတွက် မဲပေးခွင့်ရှိသူတိုင်း ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရန် လိုအပ်ပေသည်။ ထို့ကြောင့်  ပန်းခင်းစီမံချက်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ ပန်းခင်းစီမံချက်သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး  နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက် နိုင်ငံသား အခွင့်အရေး ရရှိခံစားနိုင်ရေး၊ နိုင်ငံသား အထောက်အထားတစ်ခု ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ကို ၂ဝ၂၁ ခုနှစ် မေ ၃ ရက်မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးမည်ဖြစ်သည်။

လူဆိုသည်မှာ လုပ်ငန်းအဆင်ပြေမည့် ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းတတ်ကြသည်။ နိုင်ငံ့ဝန်ထမ်းများသည်လည်း တာဝန်အရ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်း ထမ်းဆောင်ကြရသည်။ လူတစ်ဦးအနေဖြင့် မွေးဖွားလာချိန်တွင် မွေးစာရင်းတစ်ခုကို ရယူကာ အရွယ်ရောက်လာချိန်တွင် နိုင်ငံသား တစ်ဦးအနေဖြင့် ကိုင်ဆောင်ရမည့် အသိအမှတ်ပြု ကတ်ပြားတစ်ခုခုကို ကိုင်ဆောင်ကြရသည်။ အိမ်ထောင်စုတစ်စု အနေဖြင့်မူ အိမ်ထောင်စုလူဦးရေ စာရင်းတစ်ခုကို ထာဝစဉ် ကိုင်ဆောင်ထားကြရသည်။ အိမ်ထောင်စုတစ်စုတွင် အချိန်တန်အရွယ်ရောက်၍ လက်ထပ်ထိမ်းမြားကာ အိမ်ထောင်စု အသစ်တစ်ခုအဖြစ် ရပ်တည်လေ့ရှိကြသည်။ ထိုအခါ သူတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း အသစ်ရှိရန် လိုအပ်ပေသည်။ သက်ဆိုင်ရာ အိမ်ထောင်စုများမှ ပုံစံ(၁ဝ)ဖြင့် ထုတ်ယူ၍ မိမိတို့နေထိုင်မည့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ကြရမည်ဖြစ်သည်။

ပန်းခင်းစီမံချက်အရ  လက်ရှိဇာတိမြေတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီးကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့်  ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည် ဖြစ်ပေသည်။

ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းက သက်ဆိုင်ရာ ရုံးဌာနများသို့ သွားရောက်ရန် အခက်အခဲရှိသူ၊ ရုံးဌာနများသို့ ဝင်ထွက်သွားလာရန် မဝံ့ရဲသူတို့အတွက် လွန်စွာ လွယ်ကူမြန်ဆန်စေမည့် အခွင့်အလမ်း တစ်ရပ်ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း အိမ်ထောင်စု လူဦးရေစာရင်းသည် လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်သည် လည်းကောင်း၊ အိမ်ထောင်စုတိုင်း လူတိုင်းအတွက် တစ်ဘဝတာ အရေးပါအရေးကြီးသည်ကို အလေးအနက် သိမြင်ကြပြီး အခွင့်သာခိုက် ပူးပေါင်းဆောင်ရွက်ကာ ရယူနိုင်ကြစေချင်သည်။ မိမိတို့ တစ်ဦးချင်းအတွက်သော် လည်းကောင်း၊ မိသားစုတစ်စုချင်းအတွက်သော် လည်းကောင်း ပန်းခင်းစီမံချက်သည် လွန်စွာ အဆင်ပြေချောမွေ့သော စီမံချက်ဖြစ်သည်။ ပြည်သူ့အတွက် ပန်းခင်းစီမံချက်ဖြစ်ပေရာ ပန်းခင်းသော လမ်းမှာပါဝင် လျှောက်လှမ်းကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။