ပေါ့ပေါ့ဆဆမနေလိုက်ကြပါနှင့် . .

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၁၇  ရက်)

ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) နောက်ထပ် လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေ့စဉ်သတိပေး နှိုးဆော်ချက်များကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဖော်ပြလျက်ရှိသည်။ ထိုသို့ဖော်ပြရသည့် အကြောင်းရင်းမှာလည်း ကမ္ဘာတစ်ဝန်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆက်လက် ကူးစက်ပြန့်ပွားလျက်ရှိပြီး သေဆုံးမှု များပြားနေခြင်းကြောင့် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ အချို့တွင်လည်း COVID-19 ရောဂါသည် အရှိန်အဟုန်ဖြင့် ကူးစက်နေသည်ကို ကြားသိနေရသည်။

မေ ၁၄ ရက်နေ့ထုတ် သတင်းစာများတွင် ''အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၂ဝ ထပ်မံ သေဆုံးသည့်သတင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၄၆ ဦးထပ်မံ တွေ့ရှိသတင်း၊ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၅၅ ဦး ထပ်မံတွေ့ရှိသတင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၄၈ ဦးတွေ့ရှိသတင်း၊ ထိုင်းအကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ရောဂါ ကူးစက်မှု စံချိန်တင်သတင်းနှင့် အိန္ဒိယနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကုမ္ပဏီ၌ ဝန်ထမ်း ၅ဝ ခန့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသတင်း''များကိုတွေ့မြင်ရသည်။ ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယတွင်တွေ့ရှိရသော ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိသတင်းကိုလည်း မေ ၁ဝ ရက်နေ့သတင်းများတွင် တွေ့မြင်လိုက်ရသည်။

သူများနိုင်ငံများတွင် ဖြစ်ပွားနေသော သတင်းများကို ဖော်ပြနေခြင်းမှာ မိမိတို့ပြည်သူများ သတိထားနေထိုင်နိုင်ရန် ရည်ရွယ်ရင်းဖြစ်သည်။ လူတိုင်းအတွက် ကျန်းမာရေးသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ကျန်းမာရေး မကောင်းလျှင် ငွေကြေးကုန်ကျမည်။ အချိန်တွေကုန်မည်။ စိတ်သောကဖြစ်ရမည်။ ဤသည်ကား မလွဲမသွေရင်ဆိုင်ရမည့် အချက်များဖြစ်သည်။ ကောင်းကျိုးထက်ဆိုးကျိုးများကိုသာ ပေးသည်မှာ အနာရောဂါ စွဲကပ်ခြင်းဖြစ်သည်။ အနာရောဂါ စွဲကပ်ခြင်းကြောင့် အလုပ်မလုပ်နိုင်တော့။ အလုပ်မလုပ်နိုင်လျှင် ငွေကြေးမရနိုင်တော့။ ဆိုးကျိုးသံသရာသည် လည်ပတ်နေတော့သည်။

ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟူ၍ ဆိုထားခြင်းဖြစ်သည်။ ကံနာဝဋ်နာမှလွဲလျှင် အားလုံးသော ရောဂါမှန်သမျှသည် ကြိုတင်ကာကွယ်ထားနိုင်လျှင် ဘေးရန်ကင်းပါသည်။ ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင် လေ့ကျင့်ပါ ဟူသော ညွှန်ကြားချက်သည် တပ်မတော်သားတိုင်း လိုက်နာလုပ်ဆောင်ရသော ကျင့်ဝတ်ဖြစ်သော်လည်း ဤစကားရပ်သည် လူသားအားလုံးနှင့် သက်ဆိုင်ပါသည်။ လူတိုင်းကျန်းမာအောင် မည်သို့နေထိုင်ကြမည်နည်း။ အကောင်းဆုံး နည်းလမ်းကား ကြိုတင်ကာကွယ်ခြင်းပင် ဖြစ်သည်။  ကြိုတင်ကာကွယ်မှု အတွက် အဓိကနည်းမှာ စည်းကမ်းပင်ဖြစ်သည်။ စည်းကမ်းဆိုသည်မှာ လုပ်ဆောင်ရန် ညွှန်ကြားသည်ကို လုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ရန် တားမြစ်သည်ကို လိုက်နာခြင်းပင်ဖြစ်သည်။

ယနေ့ကမ္ဘာတစ်ဝန်းနှင့် အိမ်နီးချင်းနိုင်ငံများမှာတော့ သည်လိုဖြစ်နေကြပြီ။ ကျွန်တော်တို့ နိုင်ငံထဲမှာ မဖြစ်ပွားအောင် သည်အချက်လေးတွေ လိုက်နာကြပါဟူ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနေပါသည်။ ကိုရိုနာဗိုင်းရပ်ရောဂါ(COVID-19) နောက်ထပ် လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ကိုဗစ်-၁၉ ရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် ကိုရိုနာဗိုင်းရပ်ရောဂါ မိမိကစ၍ကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကြရမည်ဖြစ်သည်။

အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ထားပါ။ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာအကွယ်ကို တွဲဖက်တပ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ။ လူစုလူဝေးရှောင်ပါ။ ဤသုံးချက်သည် လွန်စွာလွယ်ကူ ရိုးရှင်းလှသည်။ လူစည်ကားရာ နေရာအချို့တွင်အများစုမှာ နှာခေါင်းစည်း(Mask) တပ်ဆင်မှု နည်းပါးသည်။ အသိအမြင်များသူတွေသာ ထိုကျန်းမာရေး စည်းကမ်းကိုလိုက်နာကြသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက် မကျန် ညီညီညာညာ လိုက်နာကြမည်ဆိုလျှင် သည်ရောဂါသည် ဖြစ်ပွားစရာရှိမည် မထင်ပါ။

ပါးစပ်နှင့်နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့် ဟူ၍ တိုက်တွန်းနှိုးဆော်ထားသည့် အတိုင်းသာ မဝယ်ဘဲနေလျှင် ဈေးသည်တွေဈေးရောင်းရလိမ့်မည် မဟုတ်ပေ။

ကြိုတင်ကာကွယ်ခြင်း ဟူသော ကျန်းမာရေး အသိရှိသင့်ပါလျက်  တချို့က ပျက်ကွက်နေဆဲဖြစ်သည်။ အမှန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်တိုက်တွန်းချက်သည် ငါ့အတွက် ပြောနေတာပါလား ဟူသော အသိလူတိုင်းတွင် ရှိနေသင့်သည်။ လွယ်ကူသော ဆောင်ရွက်ချက်တစ်ခုမှာ လက်ကိုစက္ကန့် ၂ဝ ကြာမကြာခဏ စနစ်တကျဆေးကြောခြင်းသည်လည်း ကာကွယ်ခြင်းဖြစ်ပါသည်။ မိမိတို့ပတ်ဝန်းကျင်တွင် သို့တည်းမဟုတ် မိမိမိသားစုတွင်ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါရန် အသိပေး၊ သတိပေးထားပါသည်။ မည်သူမဆို ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိနေလျှင် တပ်မတော်ဆေးရုံများက ကြိုဆိုလျက်ရှိပါကြောင်းကိုလည်း ထည့်သွင်း ရေးသားလိုက်ရပေသည်။  ။