ပြည်ပစွက်ဖက်မည့်အကြံ မြန်မာတို့ လက်မခံ

ပြည်ပစွက်ဖက်မည့်အကြံ မြန်မာတို့ လက်မခံ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၂၈  ရက်)

ကြီးနိုင်ငယ်ညှဉ်းဆိုစကားသည် အင်အားကြီးလျှင် အနိုင်ရမည်။ အင်အားငယ်လျှင် ညှဉ်းပန်းနှိပ်စက် ခံရတတ်ခြင်းကို ညွှန်းဆိုလိုခြင်းဖြစ်သည်။ အင်အားကြီးသူက အင်အားငယ်သူကို နိုင်လိုမင်းထက် ပြောဆိုပြုမူခြင်းဖြစ်သည်။ ကမ္ဘာ့အရေးအခင်းများကို လေ့လာကြည့်လျှင် အင်အားကြီးနိုင်ငံများသည် အင်အားငယ်သော နိုင်ငံများအပေါ်တွင် ဗိုလ်ကျစိုးမိုးရန် ကြိုးစားနေသည်ကို တွေ့မြင်ရသည်။ စစ်ရေးအရ ပေါ်ပေါ်ထင်ထင်စွက်ဖက်မှုမှာ သိသာထင်ရှားလွန်းသဖြင့် ထိုနည်းလမ်းကို ရှောင်ကာ  ပိုမိုထိရောက်သော နည်းလမ်းကို အသုံးပြုလာကြသည်။ ထိုနည်းလမ်းမှာ စိတ်ဓာတ်ရေးရာကို သုံး၍ ဆွဲဆောင်စည်းရုံးကာ ၎င်းတို့လိုရာအတိုင်း ဆောင်ရွက်ခိုင်းစေခြင်း ဖြစ်သည်။

ကမ္ဘာတွင် ထိုနိုင်ငံများက တွင်ကျယ်စွာ အသုံးပြုလာသော စကားမှာ လူ့အခွင့်အရေး စကားရပ်ဖြစ်သည်။ နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရကို ဖိနှိပ်သူများဖြစ်လာအောင် လူ့အခွင့်အရေး မရှိသယောင်ပုံဖော်မည်။ အုပ်ချုပ်ခံပြည်သူလူထုကို အဖိနှိပ်ခံသူများ၊ လူ့အခွင့်အရေး ဆုံးရှုံးနေသူများဖြစ်အောင် ပုံဖော်သည်။

ဆိုလိုသည်မှာ နိုင်ငံတိုင်းရှိ အစိုးရနှင့်ပြည်သူများကို ခွဲခြားရန် တိုက်ပေးလိုက်ခြင်းဖြစ်သည်။ ထိုလုပ်ဆောင်နေခြင်းမှာ နိုင်ငံတိုင်းရှိ တိုင်းသူပြည်သား လူအများကောင်းကျိုးကို လိုလားသယောင် အရိပ်အယောင်ပြပြီး ၎င်းတို့၏ အကျိုးစီးပွားအတွက် ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်သည်။ ထိုသို့စွက်ဖက်နိုင်ရန် အတွက် နိုင်ငံတိုင်းတွင် အမျိုးသားရေး သစ္စာဖောက်များ လိုအပ်ပေသည်။ ထိုသူများကို အစွမ်းကုန်မြှောက်ပင့်ပေးကာ သူတို့ဖြစ်စေချင်သည်များကို ခိုင်းစေကြသည်။ ထိုသူများကို နယ်ချဲ့လက်ပါးစေ သို့မဟုတ် ပုဆိန်ရိုး ဟု သတ်မှတ်ထားကြသည်။

မပြောချင်သော်လည်း သိသာထင်ရှားသော ဖြစ်ရပ်များကို ပြောပြချင်သည်။ လွန်ခဲ့သော ငါးနှစ်က နိုင်ငံ့တာဝန်ယူသူတို့၏ စိတ်တွင် ပြည်ပအကြံပေးများကို ခန့်ထားလိုစိတ် ရှိချင်မှရှိပေလိမ့်မည်။ သို့သော် ထိုပြည်ပနိုင်ငံများနှင့် ကျေးဇူးခံကျေးဇူးစား ရှိထားပြီးဖြစ်သည့်အတွက် သူတို့ညွှန်ကြားသမျှ မဖြစ်မနေ လုပ်ပေးရတော့သည်။ ဤဖြစ်ရပ်မျိုးမှာ အင်အားကြီးနိုင်ငံတို့၏ စွက်ဖက်ခြင်းကို ခံနေရသော နိုင်ငံငယ်အချို့တွင် ဖြစ်ပေါ်နေသော ဖြစ်ရပ်မှန်ဖြစ်သည်။ ကမ္ဘာတွင် ယနေ့တိုင် မတွေ့မမြင်နိုင်သေးသည်မှာ လူ့အခွင့်အရေး အကျယ်လောင်ဆုံး အော်ဟစ်ပြီး ကူညီပေးလိုက်သောကြောင့် တည်ငြိမ်အေးချမ်း ပြည့်စုံသွားသော နိုင်ငံဟူ၍ တစ်နိုင်ငံမျှမရှိ ခြင်းပင်ဖြစ်သည်။

¤င်းတို့ကြောင့် ပျက်စီးသွားသော နိုင်ငံပေါင်းမှာ များစွာပင်ရှိလေသည်။ ယခုရက်သတ္တပတ် အတွင်း ကမ္ဘာ့သတင်းများတွင် ထင်ထင်ရှားရှား တွေ့မြင်ရသော နိုင်ငံတစ်ခု၏ ဖြစ်ရပ်ကို လေ့လာကြည့်လျှင် သင်ခန်းစာယူဖွယ်မြင်တွေ့ရသည်။ နှစ်ပေါင်း ၂ဝ ကြာ ထိုနိုင်ငံတွင် တပ်စွဲထားခဲ့သော်လည်း ထိုနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း တွေ့မြင်ရသည်။ ယခုအခါ ၎င်းတို့ ပြန်လည်ဆုတ်ခွာသွားသည်နှင့် ထိုနိုင်ငံတွင် တိုက်ပွဲများ ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံနှင့်ပြည်သူများမှာ ဘေးဒုက္ခများ တသီတတန်းကြီးသာ ရင်ဝယ်ပိုက်ကာ ကျန်ရစ်ခဲ့သည်။ ၎င်းတို့ကြောင့် ထိုနိုင်ငံသည်ပိုမိုဆိုးရွား ပျက်ယွင်းသွားခဲ့သည်မှလွဲ၍ ကောင်းသော လုပ်ရပ်ညွှန်းဆိုစရာမရှိပေ။

မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်သည်။ မည်သည့်နိုင်ငံ၏ သြဇာခံမျှ မဟုတ်ပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာရခြင်း အကြောင်းရင်းကို သိသာထင်ရှားစွာ ကမ္ဘာသို့ အသိပေးထားပြီးဖြစ်သည်။ မည်သည့်နိုင်ငံတွင်မှ မရှိခဲ့သော မရိုးသားသော မဲခိုးလုပ်ရပ်ကြောင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မရိုးသားသော လုပ်ရပ်များ ဘူးပေါ်သလို ပေါ်လာသောအခါ NLD  ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံအတွင်း အလုံးစုံပျက်သုဉ်းရေးကို စတင်လုပ်ဆောင်တော့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုသတ်မှတ်ပြီး အကြမ်းဖက် တိုက်ခိုက်ခံရသူသေဆုံး ၁၆၉ ဦး၊ ဒဏ်ရာရ ၁၅၄ ဦးရှိခဲ့သည်။ နေအိမ်များ ဖျက်ဆီးမှု ၂၉ လုံး၊ လက်ပစ်ဗုံးပစ်ခတ်မှု ၁၉၅၇ ကြိမ်၊ လမ်းတံတားဖျက်ဆီးခံရမှု ၄၁ ခု၊ စက်ရုံ၊ အလုပ်ရုံများ ဖျက်ဆီးခံရမှု ၂၅ ကြိမ်၊ အခြားအဆောက်အအုံများ ဖျက်ဆီးခံရမှု ၁၈၅ ကြိမ် ရှိခဲ့သည်။

ထို့ထက်ပိုဆိုးသော လုပ်ရပ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် Mask များ လှူဒါန်းနေသူများအား သတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသူများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊PPE ဝတ်စုံဝတ်၍ လူသတ်ခြင်းများ ကျူးလွန်ခဲ့သည်မှာ လူဟူ၍ သတ်မှတ်ရန် ခက်ခဲလှသည်။ ထိုသို့တိုင်းဖျက်ပြည်ဖျက် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝပျက်စီးအောင် လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းများကို မြှောက်ပင့်ခြင်း၊ နည်းလမ်းပေးဆောင်ရွက်ခြင်း၊ လက်ခံတွေ့ဆုံခြင်းများ ပြုလုပ်နေသည့် နိုင်ငံနှင့်လူပုဂ္ဂိုလ်များမှာ မြန်မာတို့ ကောင်းကျိုးအတွက် လုံးဝမဟုတ်သည်မှာ ထင်ရှားပါသည်။ အနှစ်ချုပ်ဆိုရလျှင် မြန်မာနိုင်ငံနှင့်ပြည်သူများ ပျက်စီးရေးကို ရှေးရှုလုပ်ဆောင်နေသော အကြမ်းဖက် အဖွဲ့အစည်းများနှင့် ထိုအကြမ်းဖက်အဖွဲ့ကို လက်ခံကာမြန်မာ့ပြည်တွင်းရေးကို စွက်ဖက်ရန်ကြိုးပမ်းနေခြင်းများကို ပြည်သူတစ်ရပ်လုံးက လုံးဝ(လုံးဝ) လက်မခံပါကြောင်း ရေးသားလိုက်ရပေသည်။   ။