ဖြစ်စဉ်မှန်ကိုမြင်အောင်ကြည့်၍ ပြုပြင်နိုင်ကြပါစေ

လူတိုင်းသည် လုပ်ငန်းဆောင်တာလုပ်ဆောင်ရာ၌ မိမိလုပ်ဆောင်သည့်အလုပ်သည် နိုင်ငံနှင့်လူမျိုးအတွက် ဖြစ်ရန်လိုအပ်လှသည်။ မိမိတစ်ကိုယ်ရေကောင်းစားရေးအတွက် လူတိုင်းလုပ်ဆောင်နေကြသော်လည်း မိမိ လုပ်ရပ်သည် သူတစ်ပါးကို မထိခိုက် မနစ်မွန်းစေရန်လိုအပ်သည်။ အများကောင်းကျိုးသယ်ပိုးနိုင်ခြင်း ထင်ထင် ရှားရှားမရှိသော်မှ အများနစ်နာမှုမပြုမိစေရန် အရေးကြီး လှသည်။ အလုပ်လုပ်ရာ၌ အလုပ်ကိုတန်ဖိုးထား လေးစားရမည်ဖြစ်သည်။ အထူးသဖြင့် မိမိဘဝတစ်လျှောက်တွင် မိမိသည် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်လျှင် ထိုအလုပ်သည် မိမိအသက်သခင်ဟုပင်ပြောဆိုနိုင်လေသည်။

စာပေပညာဖြင့် အသက်မွေးသူအတွက် စာပေ၊ အနုပညာဖြင့်အသက်မွေးသူအတွက် အနုပညာ၊ ဆေးအတတ်ပညာဖြင့် အသက်မွေး သူအတွက် ဆေးအတတ်ပညာ စသည်ဖြင့် ပညာရပ်အလိုက်အသက်မွေး ဝမ်းကျောင်းပြုနေသူတို့သည် ထိုပညာရပ်များကို တန်ဖိုးထား ကြရပေမည်။ ထိုပညာရပ်များကို တတ်မြောက် စေရန်အတွက် မိမိတို့၏ မိဘများသည် ငွေကုန်ကြေးကျခံကာ ပညာသင် ပေးခဲ့ကြရသည်။ မိဘတိုင်းသည် မိမိတို့သားသမီးများကို မိမိတို့ထက်မြင့်မားသောအတတ်ပညာ၊ လူနေမှုဘဝကို ပိုင်ဆိုင်စေ ချင်ကြသည်။ မိမိတို့ တစ်ဦးချင်းကိုယ်တိုင်ကလည်း မိမိဘဝတက်လမ်းအတွက် ဇွဲလုံ့လဝီရိယများဖြင့် အချိန်ကုန်ငွေကုန်ခံကာ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားခဲ့ကြရသည်။

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုသည့်အတိုင်း ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် ကြိုးစားခဲ့ကြရသည်။ ထိုသော အခါ အောင်မြင်မှုကိုပိုင်ပိုင်နိုင်နိုင်လက်ဝယ်ရရှိခဲ့ကြပြီး အရည်အချင်းအလျောက် ရာထူးရာခံများကိုခံစားကြရသည်။ သို့သော် အချို့သောသူတို့တွင် ပညာရပ်အလိုက် မြင့်မားစွာတတ်မြောက် ခဲ့ကြပြီးဖြစ်သော်လည်း အတွေးအခေါ်အယူအဆပိုင်းတွင် လွဲမှား သွားကြသည်။ အတွေးအခေါ်အယူအဆ လွဲမှားသွားသူတို့ကို လေ့လာဆန်းစစ်ကြည့်လိုက်သောအခါ အချို့က မိမိလျှောက်လှမ်း မည့်လမ်းကြောင်းသည် လမ်းကြောင်းမှန် မဟုတ်မှန်းသိသည်။ သို့သော် ထိုလမ်းကြောင်းကိုလျှောက်လိုက်လျှင် မိမိအတွက် ငွေကြေး မြောက်မြားစွာရရှိမည်။ ထို့ကြောင့် ငွေကြေးအတွက် စွန့်စားလိုက်သည်။

အချို့က ငွေကြေးမရသော်လည်း မိမိ၏ပတ်ဝန်းကျင်က အများမိုးခါးရေသောက်နေ၍ လိုက်သောက်ကာ လမ်းကြောင်းမှားကို လျှောက်လှမ်းကြသည်။ တချို့က လူပုဂ္ဂိုလ်ကို ကိုးကွယ်သည်။ ထိုပုဂ္ဂိုလ်ဘာလုပ်လုပ် အမှန်ထင်နေသည်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကြောင့် လမ်းမှားကိုလျှောက်လှမ်းသည်။ မည်သို့ပင်ဖြစ်စေ လမ်းမှားသို့ ရောက်သွားသူများ၏ ဘဝသည်ကား သနားစဖွယ်ပင်ဖြစ်သည်။ အမှန် တကယ်ဖြစ်သင့်ဖြစ်ထိုက်သည်မှာ မည်သည့်အကြောင်းကိစ္စရပ်မဆို မိမိတို့၏ကိုယ်ပိုင်ဉာဏ်ဖြင့်၊ လက်တွေ့ မျက်မြင်ထဲထဲ ဝင်ဝင်လေ့လာဆန်းစစ် သင့်သည်။ မိမိဆုံးဖြတ်ကာ လုပ်လိုက်သောကိစ္စရပ်သည် မိမိအတွက် ကောင်းကျိုးလား၊ ဆိုးကျိုးလား၊ ကောင်းကျိုးတွေအမှန်ပဲတိုးပွားပါသလား၊ အပြန်ပြန်အလှန်လှန် နဖူးပေါ်လက်တင်စဉ်းစားသင့်ကြပေသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို မိမိတို့တကယ်သိပါရဲ့လား။ မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပြောင်ပြောင်မြောက်မြောက်၊ အခြေခိုင်ခိုင် အုတ်မြစ်ချခဲ့ပေးသည်ကိုသိပါသလား။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကော လေ့လာဖူးပါသလား။ ဖတ်ဖူးပါသလား။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုလုပ်ရပ်မှန်များကိုကော သိပါသလား၊ မေးရမည့်မေးခွန်းတွေများသလို နိုင်ငံသား တစ်ဦးချင်းအနေဖြင့် သိထားသင့်သည့်အရာများဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းစာရှင်းလင်းပွဲများဖြင့် နိုင်ငံတကာက သိရှိအောင်ရှင်းပြနေသည်မှာ (၇)ကြိမ်တိုင်တိုင်ရှိခဲ့ပြီ။ မည်သူတစ်ဦးတစ်ယောက်ကမျှ NLD ပါတီသည် မဲမသမာမှု မရှိကြောင်း ခိုင်ခိုင်လုံလုံ ငြင်းပယ်ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ ၎င်းင်းတို့အာဏာရှိစဉ်ကပင် သမ္မတက UEC အား ဖြေရှင်းခွင့် မပြုကြောင်း ယခင် UEC အဖွဲ့ဝင် ဦးသန်းဌေးပြောကြားချက်ကို ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ကြရပြီးဖြစ်သည်။

ဖြစ်ရပ်မှန်အခြေအနေမှန်များကို မသိသောအခါ၊ မလေ့လာသောအခါ ပညာတတ်များဖြစ်ကြသော ဆရာဝန်အချို့က လူနာများကို ဆေးကုမပေးဘဲ အသေခံခိုင်းကြသည်။ ကျောင်းဆရာ၊ ဆရာမအချို့က လွန်စွာမွန်မြတ်သော အနန္တဂိုဏ်းဝင်ဆရာသခင်ဘဝကို စွန့်လွှတ်လိုက်ကြသည်။ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကာ နိုင်ငံ့တာဝန်များကိုထမ်းဆောင်သင့်ပါလျက် မထမ်းဆောင်ဘဲ နေလိုက်ကြသည်။ မိမိတို့ဘ၀ ကို မိမိတို့ဖျက်ဆီးပစ်လိုက်ကြသည်။ ထိုသို့လုပ်ဆောင်လိုက်သည့်အတွက် ငွေကြေး ဒေါ်လာ သန်းချီရသွားသူများမှအပ မိမိတို့မိသားစုဘ၀ အခြေပျက်အနေပျက်ဖြစ်သွားခဲ့ကြသည်။ မိမိ၏ဆုံးဖြတ်ချက်အမှားကြောင့် မိဘ ဆွေမျိုးများပါ စိတ်သောကရောက်ကြရသည်။ ထို့ကြောင့် လမ်းမှားသို့ရောက်သွားကြသူများအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် အဆင်ပြေနေကြသော်လည်း လက်တွေ့ဘဝတွင် အဆင်ပြေခြင်းလုံးဝမရှိကြောင်း ကြားသိရသည့်အတွက် ဖြစ်ရပ်မှန်ကို မြင်အောင်ကြည့်၍ ပြုပြင်နိုင်ကြပါစေကြောင်း စေတနာရှေ့ထားရေးသား လိုက်ရပေသည်။  ။