ဗုဒ္ဓဘာသာသာသနာ ရောင်ဝါနေသို့ထွန်းလေပြီ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်းရှိ ပြည်သူ များအနေဖြင့် ကိုးကွယ်မှုအများဆုံးမှာလည်း ဗုဒ္ဓဘာသာဖြစ်သည်။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်ကအသိအမှတ်ပြုကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုမှာ မြတ်ဗုဒ္ဓပွင့်တော်မူချိန်ကပင် စတင်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူ၍ မြန်မာတို့ဂုဏ်ယူဝင့်ကြွားလျက်ရှိကြသည်။ မြန်မာဘုရင်အဆက်ဆက်တို့သည်လည်း နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ စည်းလုံးညီညွတ်ရေးအတွက် တိုက်ပွဲများဆင်နွှဲရာတွင် ဗုဒ္ဓဘာသာသာသနာကို ပိုမိုစောင့်ရှောက်နိုင်သူသည်သာ ဤတိုက်ပွဲကိုနိုင်ပါစေသားဟူ၍ သစ္စာ ဆိုကြသည်။ ဤသစ္စာတရားမှာ မိမိ၏ကိုယ်ကျိုးထက် ဗုဒ္ဓဘာသာသာသနာတော်အကျိုးကို ပိုမိုတန်ဖိုးထားလေးစားဖွယ်ဖြစ်ကြောင်း တွေ့ရှိရသည်။ သီတဂူဆရာတော်ကြီးသည် ၂၀၁၃ ခုနှစ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ကြွရောက်တရားဟောကြားသည်။ ရုရှားနှင့်မြန်မာတို့၏ ဆက်ဆံရေးသည် ခိုင်မာတည်တံ့သောမိတ်ဆွေကောင်းဆက်ဆံရေးဖြစ်သည်။ မိုင်ပေါင်း ၃၀၀၀ ကျော်ကွာဝေး သော်လည်း စိတ်ထားချင်းနီးစပ်သည်။ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးကြသည်။ မြန်မာတို့၏ ကောင်းကျိုးကို အစဉ်သယ်ပိုးကူညီလျက်ရှိသည်။ သီတဂူဆရာတော်ကြီးကလည်း ရုရှားဖက်ဒရေးရှင်း ပြည်သူများကောင်းကျိုးအတွက် ဗုဒ္ဓသာသနာပြန့်ပွားစေချင်သည်။ မြန်မာထေရဝါ ဒဗုဒ္ဓဝိဟာရ (မော်စကို)သည် မော်စကိုမြို့လယ်၏အရှေ့ဘက် ၁၄ ကီလိုမီတာအကွာတွင်တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တÓဏိဿရ၏မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့ တပ်မတော်မှသင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပမည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် ၂၀၂၁ ခုနှစ် ဇွန် ၂၀ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှအထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။ ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို) ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် သဒ္ဓမ္မဇောတိကသိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနား များကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။ မင်္ဂလာအချိန်တွင် ကျောင်းထိုင် ဆရာတော်အမှူးပြု၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်တို့အား ရွှေတိဂုံစေတီတော်ပုံတူတော်မြတ် အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ထို့နောက် စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာပြုလုပ်သည်။ တပ်မတော် အကြီးအကဲများ၊ ရုရှားနိုင်ငံရောက် မြန်မာ့တပ်မတော်မှသင်တန်းသားအရာရှိများ၊ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်သည့်သဒ္ဓမ္မဇောတိကသိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း ဆက်လက်ပြုလုပ်ရာ တက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်ကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဒ္ဓမ္မဇော တိက သိမ်တော်မြတ်တည်ဆောက်ခြင်းနှင့် သာသနာပြုလုပ်ငန်းများအတွက် အလှူငွေများ၊ သာသနာ ပြုမော်တော်ယာဉ်နှင့် လှူဖွယ်ပစ္စည်းများအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများဆက်ကပ်ကြသည်။ ကျောင်းထိုင် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြသည်။ ဤသတင်းဤမြင်ကွင်းများကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ကြည့်ရှုရင်း မြန်မာပြည်သူတို့ သာဓုခေါ်ကြသည်၊၊ ဗုဒ္ဓဘာသာသာသနာ ရောင်ဝါနေသို့ထွန်းလေပြီ ဟူ၍ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ကြရပါကြောင်း။