ဘယ်သူဖျက်ဖျက် ကျောင်းတက်မပျက်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၁၈  ရက်)

စာသင်ကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝခရီးစတင်ရာ အောင်မြေနေရာဖြစ်သည်။

ထိုစာသင်ကျောင်းများမှတစ်ဆင့် အတန်းစဉ်အလိုက် ကြိုးစားကာ နောက်ဆုံးတွင် ဘွဲ့အသီးသီး ရယူကြရပေမည်။

မိမိတို့သင်ကြား တတ်မြောက်ထားသော ပညာရပ်အလိုက် မိမိတို့ဘဝ အသက်ရှင်သန်ရေးအတွက် လျှောက်လှမ်းကြရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် အခြေခံအကျဆုံးမှာ စာသင်ကျောင်းများသာ ဖြစ်သည်။ စာပေသင်ကြား တတ်မြောက်မှသာ လူ့လောက ပတ်ဝန်းကျင်တွင် တင့်တယ်ပေလိမ့်မည်။

၂ဝ၂၁ ခုနှစ် မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် ''ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြပါစို့'' ဟူသော ပိုစတာဖြင့် အသိပေးထားသည်။ တစ်ဆက်တည်းမှာပင်  '' ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့အပ်နှံရန်၊  ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့အပ်နှံရန်။ ''ကျောင်းအပ်နှံရာတွင် ''မည်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိပါ။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask ၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပါသည်'' ဟူ၍ မိဘပြည်သူများသို့ အသိပေးထားပါသည်။

ပို၍တိကျသေချာမှုရှိစေရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်း မပြုရ။ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်း မပြုရ။ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ ဟူသော အချက်များကို ထုတ်ပြန်ပေးထားသည်။ ထို့ပြင် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ အနေဖြင့်  မေတ္တာရပ်ခံချက်တွင်လည်း ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန် ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးကမ်းခြင်း၊ လက်ခံခြင်း မပြုရမည့်အပြင် မိမိတို့ သားသမီးများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများ၊ ကျန်းမာရေးဆိုင်ရာ အကာအကွယ် ပစ္စည်းများကို အခမဲ့ပေးမည်ဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် ထုတ်ပြန်နေခြင်းဖြစ်သည်။

ဤမျှလူသိထင်ရှား ထုတ်ပြန်နေသော်လည်း အချို့နေရာများတွင် မသမာသူတို့၏ ကောလာဟလစကားများက လွှမ်းမိုးနေဆဲဖြစ်သည်။ ကျောင်းသားတစ်ယောက် ကျောင်းအပ်လျှင် ငွေကျပ်တစ်သောင်း ပေးရမည်။

အခမဲ့မဟုတ်ဟူသော စကားဖြင့် မသိနားမလည်သော မိဘများကို လမ်းမှားရောက်အောင် တွန်းပို့သူ အဖျက်သမားများ ရှိနေသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်သည်နှင့် အဖျက်အမှောင့်များက ပေါ်လာသည်။ အခြေခံပညာကျောင်း ဆရာ၊ ဆရာမများ သင်ကြားမှု သင်ယူမှုဆိုင်ရာ အထောက်အကူပြု သင်တန်းများ အမြို့မြို့အနယ်နယ်၌ ဖွင့်လှစ်သင်ကြားပို့ချရာတွင် ဆူပူအကြမ်းဖက်သမားများက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ကြသည်။

စာသင်ကျောင်းကို မီးရှို့သည်။ အသံမိုင်းများဖြင့် ပစ်ပေါက်သည်။ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်သည်။

ကျောင်းရှေ့တွင် ဆဲရေးတိုင်းထွာခြင်း၊ အမှိုက်များ၊ အတားအဆီးများ ချထားခြင်း၊ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် စော်ကားပြောဆို အရှက်ခွဲခြိမ်းခြောက်ခြင်း စသည်ဖြင့် နည်းမျိုးစုံ ဖျက်ဆီးသည်။ ကျောင်းပြန်တက်မည့် ကျောင်းသားများကို ''ကျောင်းမတက်နဲ့ကျောင်းထွက်''ဟူ၍လှုံ့ဆော်သည်။ အဆိုးဆုံးမှာ လက်ရှိပညာရေးစနစ်ကို စစ်ကျွန်ပညာရေး ဟူ၍ ဝါဒဖြန့်သည်။

ယနေ့သင်ကြားနေသော ပညာရေးစနစ်သည် ယခင်အစိုးရ အဆက်ဆက်က ကျင့်သုံးခဲ့သော ပညာရေးစနစ်သာဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အသစ်ပြဋ္ဌာန်းသည့် ပညာရေးစနစ်လည်း မဟုတ်ပါ။

မည်သည့်သင်ခန်းစာ၊ မည်သည့်ပို့ချချက်များကို ရည်ညွှန်းသည်ဟူ၍ ထောက်ပြနိုင်ခြင်း မရှိဘဲ ဝရုန်းသုန်းကား အခြေအမြစ်မဲ့ ပြောဆိုနေခြင်းဖြစ်သည်။ ကျောင်းများ မဖွင့်လှစ်နိုင်ရေးအတွက် ဖျက်နည်းမျိုးစုံ လုပ်ဆောင်နေသည်။ ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းသားမိဘနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ရှိသဖြင့်ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိုနိုင်ငံတွင် ပညာတတ်များရှိရန် လိုအပ်သည်။ ကျောင်းမဖွင့်နိုင်ရေး၊ ကျောင်းမတက်နိုင်ရေး အဖျက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် မိမိနိုင်ငံအား ဖျက်ဆီးနေခြင်းဖြစ်သည်။ အဖျက်သမားများ၊ အကြမ်းဖက်သမားများ အနေဖြင့် မြန်မာနိုင်ငံတွင် ပညာတတ်များ ပေါများလာမည်ကို မလိုလားဘဲ ပြည်သူလူထု အများဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခုသင်ကြားနေသည့် ပညာရပ်များသည် ယခင်အစိုးရများမှ ချမှတ်ထားသည့် အမျိုးသားပညာရေး မူဝါဒအတိုင်းသာ ဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြပြီးဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုး တိုးတက်မှုမရှိရန်၊ လူငယ်တွေ ပညာမတတ်ရန်၊ လူဖျင်းလူညံ့တွ ေပေါများနေရန် အဖျက်သမားတို့က လုပ်ဆောင်နေသည်။ ကမ္ဘာတွင် မည်သည့်နိုင်ငံတွင်မှ မရှိသောအဖျက်လုပ်ရပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ မိဘပြည်သူများ အနေဖြင့် မိမိတို့၏သား၊ သမီးများကို အမှန်တကယ် ချစ်မြတ်နိုးကြပါလျှင် ဘယ်သူဖျက်ဖျက် ကျောင်းတက်မပျက်ရေး ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။  ။