မန္တလေးမြို့နှင့် ရတနာပုံခန်းမကြီး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ   ၂၃  ရက်)

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမဖွင့်ပွဲ အခမ်းအနားကို မေ ၁၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်မှု အချက်အချာကျသည့် နေရာတွင် တည်ရှိပြီး မြန်မာနိုင်ငံအထက်ပိုင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဗဟိုဖြစ်သည်။ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးလာမှုနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ပေသည်။ ယခုဖွင့်လှစ်လိုက်သည့် ရတနာပုံခန်းမကြီးသည် မန္တလေးနှင့်အနီး ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် အခန်းကဏ္ဍများ အတွက် လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားစေပြီး ကောင်းမွန်သော ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မီမီ ဆောင်ရွက်ပေးနိုင်သော ခန်းမ အဆောက်အဦကြီးတစ်ခုဖြစ်သည်။

မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီး စတင်တည်ထောင်စဉ်က ရတနာပုံဟု အမည်သတ်မှတ်ခဲ့သော်လည်း နောင်အခါ မန္တလေးတောင်ကို အစွဲပြု၍ မန္တလေးဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်သည်။ စတင်တည်ထောင်သည့် ခုနှစ်ကို မှတ်မိလွယ်စေရန် အုတ်ကျစ်ကျော်အေး မန္တလေးဟူ၍ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးမြို့တော်ကြီးကို တည်ခဲ့ကြောင်း လွယ်ကူစွာသိရှိရသည်။ မြန်မာနိုင်ငံ၏ မင်းနေပြည်တော် ဖြစ်ခဲ့သည့်အားလျော်စွာ ထီးသုံးနန်းသုံး ဝေါဟာရအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ အများအပြား ကျန်ခဲ့သည့်မြို့တော်လည်းဖြစ်သည်။

မင်းတုန်းမင်းကြီးသည် သာသနာကိုလေးစားသော မင်းဖြစ်သည့် အားလျော်စွာ ၁၂၃၃ ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ပည်းအက္ခရာ တင်ပြီး မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားဝင်းအတွင်း စိုက်ထူကိုးကွယ်ခဲ့သည်။ ထိုပိဋကတ် ကျောက်စာများကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု ယူနက်စကိုအဖွဲ့ Memory of the World Register စာရင်းတွင် သမိုင်းအမွေအနှစ် တစ်ခုအဖြစ် ၂ဝ၁၃ ခုနှစ်၌ စာရင်းသွင်းခဲ့သည်။ မန္တလေးမြို့၏ နက်ရှိုင်းသော ယဉ်ကျေးမှုကို မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုခြင်း ဖြစ်သည်။

မန္တလေးသည် သမိုင်းတွင် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသကဲ့သို့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ ကျူးကျော်သိမ်းပိုက်မှု ခံခဲ့ရကာ နန်းတွင်းလက်ရာ ပစ္စည်းများကို ဖျက်ဆီးခံရပြီး အချို့ကို ယူဆောင်သွားခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း မန္တလေး နန်းတော်ကြီး သည် မီးလောင်ပျက်စီးခဲ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်မှ ယနေ့အထိ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် စီးပွားရေး အဓိကဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ကုန်းဘောင်မင်းဆက် နန်းစိုက်ရာ ရတနာပုံ မန္တလေးမြို့သည် နန်းအဆောင်အယောင်နှင့် ခမ်းနားသကဲ့သို့ မြို့ပြင်လေးရပ်တွင်လည်း အရောင်းအဝယ်များ ဖြစ်ထွန်းရာဒေသဖြစ်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း၏ ယဉ်ကျေးမှုနှင့် စီးပွားရေး ဗဟိုချက်မဖြစ်သည့် မန္တလေးမြို့ကြီးတွင် ယခုကဲ့သို့ ရတနာပုံခန်းမကြီး တည်ဆောက် ဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်အဆင့် အခမ်းအနားကြီးများ အပါအဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ရန်၊ မြို့ဂုဏ်ကျက်သရေဆောင် ခမ်းနားထည်ဝါသည့် ခန်းမကြီးအဖြစ် တည်ရှိနေစေရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်  ရတနာပုံခန်းမကြီးအား ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာ အခမ်းအနားပြုလုပ်ပြီး စတင်တည်ဆောက်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၃ဝ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့၏ အချက်အချာနေရာ တစ်ခုဖြစ်သည့် ၇၈ လမ်း၊ ၃၈ လမ်းထောင့်မြေဧရိယာ ၆ ဧကပေါ်တွင် ဆောက်လုပ်ထားရှိခြင်းဖြစ်သည်။ မန္တလေးမြို့၏ ကျက်သရေဆောင် နန်းမြို့ မြန်မာမှုအသွင်အပြင်နှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်၍ မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် လိုက်ဖက်တင့်တယ်စေမည့် ဒီဇိုင်းများအဖြစ် ပုံဖော်ဖန်တီးပြီး ခမ်းနားထည်ဝါစွာ တည်ဆောက်ထားခြင်းဖြစ်သည်။

ရတနာပုံခန်းမကြီးတွင် လူဦးရေ ၁၂ဝဝ ဝင်ဆံ့ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာပိုင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ရှင်ပြုရဟန်းခံ နားထွင်းနားသအလှူပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အထိမ်းအမှတ်ညစာစားပွဲ၊ အငြိမ့်ပွဲ၊ ပဒေသာကပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ စသည့် အခမ်းအနားများအပြင် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဈေးရောင်းပွဲတော်များနှင့် နိုင်ငံတကာ ကုန်စည်ပြပွဲများပါ ကျင်းပနိုင်သည်။ ထို့ပြင် ခေတ်မီနည်းပညာများနှင့် ဓာတ်လှေကား၊ စက်လှေကားများ၊ အသံပိုင်းဆိုင်ရာ စနစ်များ၊ မီးသတ်စနစ်နှင့် လုံခြုံရေး စနစ်များကိုလည်း ထည့်သွင်း တည်ဆောက်ထားသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီတာဝန်ယူသည့် ကာလအတွင်း တတ်နိုင်သမျှ ဒေသဖွံ့ဖြိုး တိုးတက်အောင်၊ ပညာရေးကဏ္ဍတွင် နောက်ကျမကျန်ခဲ့စေရန် ကြိုးစားဆောင်ရွက် ပေးလျက်ရှိရာတွင် မန္တလေးမြို့နှင့် ရတနာပုံ ခန်းမကြီးသည်ကား လှပရှုမဆုံး အလိုက်ဖက်ဆုံးပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။