မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိုကြိုဆို

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိုကြိုဆို

အကြမ်းဖက်အဖျက်သမားများနှင့် မူးယစ်ဆေးဝါးတို့သည် ယှဉ်တွဲလျက်ရှိသည်။ အကြမ်းဖက်အဖျက်သမားတို့ကို ဖမ်းဆီးရမိလေ တိုင်း ရာနှုန်းပြည့်နီးပါးသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းသိရှိရသည်။ ဝိသမလောဘစီးပွားရေးသမားတို့ စီးပွားရှာဖွေနေခြင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းပင်ဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်နေ့က သတင်းစာများတွင်ဖော်ပြပါသော တရားမဝင် Raffle Ticket ရောင်းချနေသည့် တရားခံများအား လက်နက်/မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိမှု သတင်းထုတ်ပြန်ချက်တွင် ထင်ရှားစွာ ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်တွင် မူးယစ်ဆေးဝါးနှင့်တရားမဝင်လက်နက်ကိုင်ဆောင်ကာ ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရွှေဆိုင်များအား ဖောက်ခွဲဖျက်ဆီးဓားပြ တိုက်ခြင်းများ ကျူးလွန်နေသူများ၏ နောက်ကွယ်တွင် NLD ပါတီဝင် အကြမ်းဖက် CRPH အဖွဲ့ဝင်တရားခံပြေး စည်သူမောင်က ပံ့ပိုးပေးခြင်းဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မြစ်ကြီးနား၊ ဘားအံ၊ သထုံနှင့်တောင်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများသိမ်းဆည်းရမိသတင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိကြောင်း သတင်းများ ဖော်ပြထားသည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသတင်းများ ကြားသိလေတိုင်း အများပြည်သူတို့ဝမ်းသာကြသည်။ မိမိတို့၏သားသမီးများ မူးယစ်နွံအတွင်းကျရောက်မည်ကို မည်သည့်မိဘကမျှမလိုလားပါ။ ထို့ကြောင့် မူးယစ်ကင်းစင်ရေးအတွက် သတင်းပေးခြင်းများကို ပိုမိုလုပ်ဆောင်လာသကဲ့သို့ ဖမ်းဆီးရမိခြင်းများကလည်း များပြား လာပါသည်။

စက်တင်ဘာ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)နှင့် ကက်တမင်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းပေါ် ရှိ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်တောင်းတံတားဘက်မှကျိုက်ထိုဘက်သို့ မြင့်ကိုမောင်းနှင်၍ မီမီအေး(ခ) မီမီအေး ကျော်လိုက်ပါလာသည့် Alphard ယာဉ်ကဦးဆောင်ပြီး စိုးသူရမောင်းနှင်၍ မင်းထင်နှင့်စောမြင့်တို့လိုက်ပါလာသည့် ခြောက်ဘီးယာဉ် ၏နောက်ခန်းတွင် စားသောက်သီးနှံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)ကီလို ၁၀၀၀၊ ကက်တမင်း ၄၇ ကီလိုနှင့် Alphard ယာဉ်အတွင်းမှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းတို့အားသိမ်းဆည်းရမိခဲ့သည်။

သတင်းကွင်းဆက်များ ဆက်စပ်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း(ခ)သားသားကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာပလာဇာ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည် ဖြစ်သည်။ 

အဆိုပါခြောက်ဦးကို ဥပဒေအရ  အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရကြောင်း သတင်းတွင်ဖော်ပြထားပါသည်။ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို လူသားတို့ အတွက်ကောင်းကျိုးမပေး၊ မူးယစ်ဆေးဟုဆိုထားသော်လည်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၊ ဝိသမလောဘစီးပွားရေး သမားများ အတွက်မူ  စွန့်လွှတ်နိုင်ခဲသောစီးပွားရေးဖြစ်နေသည်။ ငွေကြေးအမြောက်အမြားရရှိသော  စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေးပြေးမလွတ် ဆိုစကားကို မေ့လျော့နေကြ သည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်နေမှုများသည်လည်း ဂုဏ်ပြုချီးကျူး ဖွယ်ကောင်းလှသည်။ ဤမျှတန်ဖိုးများပြားသောအိုက်စ်(မက်သ်အဖက်တမင်း)နှင့်ကက်တမင်းများ သိမ်းဆည်း ရမိခြင်းကြောင့် ကမ္ဘာ့လူသားတို့၏ အသက်ကို ကယ်တင်လိုက်သကဲ့သို့ ဖြစ်ပေသည်။

ထို့ပြင် NLD ပါတီမှ ပေါက်ဖွားလာသည့် အကြမ်းဖက်အဖွဲ့ဖြစ်သော NUG,CRPH နှင့် PDF အဖွဲ့များ၏ မူးယစ်ဆေးဝါးဖြင့် ရပ်တည်မှုကိုလည်း တားဆီးလိုက်သကဲ့သို့ဖြစ်သည်။ အကြမ်းဖက်အဖွဲ့ဝင်များကို ဖမ်းဆီးမိလေတိုင်း မူးယစ်ဆေးဝါးသုံးစွဲထား သူများကိုတွေ့ရှိရသလို အသက်အရွယ်အားဖြင့် ငယ်ရွယ်သူ အများအပြားပါဝင်နေသည်။ လူငယ်လူရွယ်တို့၏ဘဝကို ထိုအကြမ်း ဖက်ငွေကြေးထောက်ပံ့သူများက ငွေကြေးပေး၍လူသတ်ခိုင်းသည်။ ငွေကြေးပေး၍မိုင်းထောင်ခိုင်းသည်။ ယုတ်စွအဆုံး ကျန်းမာရေး စောင့်ရှောက်ပေးသူများကိုပင်လျှင် ငွေကြေးပေး၍ပစ်ခတ်သတ်ဖြတ်ခိုင်းစေလျက်ရှိရာ ထိုငွေကြေးစီးဆင်းမှု၏ ပင်မသည်ကား မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုပင်ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ဆောင်နေသူများ၏ ဆောင်ရွက်ချက်များကိုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။  ။