မေတ္တာအခါတော်နေ့ ချမ်းမြေ့ကြပါစေ

မေတ္တာအခါတော်နေ့ ချမ်းမြေ့ကြပါစေ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၂၂  ရက်)

ယနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် မေတ္တာအခါတော်နေ့ ဖြစ်ပေသည်။ မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍ ဟိမဝန္တာအနီး တောအုပ်ကြီးတစ်ခုသို့ဝင်ကာ သစ်ပင်ရင်းတို့၌ တရားအားထုတ်နေကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် သစ်ပင်ရှိနတ်များ မနေဝံ့ကြဘဲ ရှောင်နေကြရသည်။ တစ်နေ့ပြန်နိုး၊ တစ်နေ့ပြန်နိုးနှင့် စောင့်နေခဲ့ကြရာ မပြန်တော့မည်ကိုသိ၍ ရဟန်းတော်များ မနေဝံ့အောင် ခြောက်လှန့်ကြတော့သည်။ ရဟန်းတော်တို့သည် တရားကိုဖြောင့်ဖြောင့် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်များ ချောက်ချား၍ ဘုရားရှင်ထံပြန်ကြွသွားကြပြီး အကြောင်းစုံ လျှောက်ထားကြလေသည်။ ဘုရားရှင်က ဤ ''မေတ္တသုတ်တော်''ကို ကမ္မဋ္ဌာန်းအလို့ငှာ လည်းကောင်း၊ အကာအကွယ်အရံအတား အလို့ငှာလည်းကောင်း ရွတ်ဖတ်ပွားများရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် ရဟန်းတို့အား သင်ကြားပေးတော်မူ၍ မိမိတို့နေခဲ့ရင်း တောအုပ်သို့ပင်ပြန်စေတော် မူခဲ့သည်။

ရဟန်းတို့လည်း နေရင်းဌာန တောအုပ်သို့ပြန်သွား၍   မေတ္တသုတ်တော်ကို ရွတ်ဆိုပွားများကြရာ နတ်များကချစ်မြတ်နိုးကြပြီး ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်စောင့်ရှောက်ကြလေသည်။ ရဟန်းတော်များလည်း မေတ္တာကို အခြေခံကာ ဝိပဿနာပွားများရာ အတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိကြလေသည်။

ထို့ကြောင့် မေတ္တာပွားခြင်း၏ အကျိုးအာနိသင် ၁၁ မျိုးသည်  လူတိုင်းနှစ်ခြိုက်စွာ ရယူလိုသော ဆန္ဒဖြစ်သည်။ လူသားတို့သည် တစ်ဦးအပေါ်တစ်ဦး မေတ္တာထားနိုင်လျှင် ဤကမ္ဘာကြီးသည် ပျော်စရာအတိ ဖြစ်ပေလိမ့်မည်။ လူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ ချစ်ခင်ခြင်း၊ ကြင်နာခြင်းများဖြင့် ပြည့်လျှမ်းနေပေမည်။

မေတ္တာတရားသည် လူသားတိုင်းနှင့်ဆိုင်သော ကောင်းမွန်စွာ ကျင့်အပ်သော  စိတ်ထားဖြစ်သည်။

မေတ္တာဟူသည် ပွားများရသော ဘာဝနာတရား ဖြစ်သည်။ ကိုးပါးသီလ ခံယူဆောက်တည်ရာတွင် ကိုးပါးမြောက်ဖြစ်သော သီလသည် မေတ္တာသဟဂတေနစေတသာ ဖြစ်သည်။ မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့်အလုံးစုံသော သတ္တဝါတို့အပေါ်၌ ပျံ့နှံ့၍ နေထိုင်ခြင်းကိုကောင်းစွာ ဆောက်တည်ပါမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မေတ္တာဘာဝနာသည် သူတစ်ပါးကောင်းစေလိုသော စိတ်ကို အဖန်ဖန် အထပ်ထပ်ဖြစ်ပွားအောင ပြုလုပ်ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာ မေတ္တာပို့သည်မည်ပါသည်။

သတ္တဝါတို့ အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွားများ၍ ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်းဖြစ်၍ ဗြဟ္မဝိဟာရ ဟုခေါ်သည်။ ထိုသို့ပွားများခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟုခေါ်သည်။

မေတ္တာဆိုသည်မှာ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါ ပညတ်ကိုအာရုံပြုကာ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ စသည်ဖြင့် သတ္တဝါတို့၏ ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသစေတသိက်ကိုပင် မေတ္တာဟု ခေါ်ပါသည်။ မိမိမေတ္တာပို့မည့်သူကို ဓာတ်ပုံရိုက်သကဲ့သို့ ခြေဆုံး၊ ခေါင်းဆုံးတစ်ကိုယ်လုံး ထင်မြင်အောင် အာရုံယူလျက်၊ စိတ်ကိုညွှတ်လျက် ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ ဟူသော မေတ္တာဘာဝနာစိတ်ကို ထိုသူထံသို့ရောက်အောင် ပို့လွှတ်ခြင်း၊ ဖြန့်ကြက်ခြင်းကို မေတ္တာပို့သည်ဟုခေါ်ဆိုသည်။

မေတ္တာဓာတ်ကို ထပ်တလဲလဲ ဇွဲသန်သန်ဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ၁၅ မိနစ်၊ နာရီဝက်ခန့် ပို့သပွားများရမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်တွင် ဖော်ပြထားသည်။

မေတ္တာပို့သခြင်းသည် ကောင်းမွန်သော အလုပ်ဖြစ်ပေသည်။ သူ့ကိုကိုယ်ချစ်မှ သူကကိုယ့်ကို ချစ်မည်မှာလောက၏ နိယာမတရားဖြစ်သည်။ မေတ္တာသည် စိမ့်စမ်းရေကဲ့သို့ ကြည်လင်အေးမြလှသည်။ ဤကမ္ဘာလောက၌ မေတ္တာတရားများ လွှမ်းမိုးနေမည်ဆိုလျှင် ကပ်သုံးပါးဟု ဆိုအပ်သော ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း(ဒုဗ္ဘိက္ခန္တရကပ်)၊ လက်နက်ဘေးကြောင့်ပျက်စီးခြင်း (သတ္ထန္တရကပ်)၊ ရောဂါဘေးကြောင့်ပျက်စီးခြင်း (ရောဂန္တရကပ်)တို့မှ  ကင်းဝေးလွတ်မြောက်မည်ဖြစ်သည်။ ယခုအခါ လူသားတို့တွင် မေတ္တာဓာတ်များခေါင်းပါးလာမှုကြောင့်ဆွေမျိုးများ  ပျက်စီးခြင်း၊ စီးပွားဥစ္စာ ပျက်စီးခြင်း၊ အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊ မှားသောအယူယူမိသဖြင့် အယူမှန်ပျက်စီးခြင်း၊ ကိုယ်ကျင့်သီလ ပျက်စီးခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်။

မေတ္တသုတ်တွင် န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝ ခေမိနောဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္ထာ- ပညာရှိတို့ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံတစ်ရာကို အနည်းငယ်မျှပင် မပြုမကျင့်ရာ၊   သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ၊ ဘေးမရှိကြပါစေနှင့်၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေဟူ၍ လည်းကောင်း၊ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိန ကဉ္စိ။ ဗျာရောသနာ ပဋိဃ သည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ- တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသမထွက်ရာ၊ အလုပ်ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သော စကားမပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ အနည်းငယ်မျှ မထီမဲ့မြင်မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခကို အလိုမရှိသင့်ပေဟူ၍လည်းကောင်း မေတ္တာစိတ်ထားများကိုပြဆိုထားပါသည်။ ထို့ကြောင့် မေတ္တာအခါတော်နေ့မှ အစပြု၍ လူသားတိုင်း ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာကြ ပါစေကြောင်း ဆုတောင်းလိုက်ရပေသည်။   ။