မြန်မာဂန္ထဝင်စာပေယဉ်ကျေးမှုများအစဉ်ရှင်သန်ရေး

မြန်မာစာသည်မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ် ကင်းမဲ့သော ရုပ်ကိုယ်ခန္ဓာနှင့်တူသည်။ စာပေယဉ်ကျေးမှုထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်တွင် တင့်တောင့်တင့်တယ် နေနိုင်သော လူမျိုးအဖြစ်ရပ်တည်နေနိုင်ကြောင်း တွေ့မြင်ကြရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများသည်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်းကောင်းစာပေယဉ်ကျေးမှုထွန်းကားနေရန်အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်ပုံနှိပ်ထုတ်ဝေနေသည်ကို ဖတ်ရှု လေ့လာသိရှိနေရသည်။

မြန်မာနိုင်ငံသူ့ကျွန်ဘ၀ ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်သို့ကျရောက်ခဲ့ရစဉ် ဇာတိသွေး၊ ဇာတိမာန်အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လှသော မြန်မာ့တော်လှန်ရေးသမားတို့သည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်း အားထုတ်ကြသည်။ ထိုသို့လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် လူတိုင်း၏ရင်ထဲ၌ စွဲစွဲမြဲမြဲထင်ကျန်အောင် ဆောင်ပုဒ် ရေးသား၍ တိုင်းပြည်သို့ဖြန့်ချိကြသည်။ ယခုဆိုလျှင် ထိုဆောင်ပုဒ်သည်မြန်မာလူမျိုးတို့၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းဝင်မှတ်တိုင်တစ်တိုင်အဖြစ် ထင်ရှားစွာတည်ရစ်နေပြီဖြစ်ပါသည်။ ထိုဆောင်ပုဒ်သည်ကား “ဗမာပြည်သည်...တို့ပြည်”၊ “ဗမာစာသည်...တို့စာ”၊ “ဗမာစကားသည်...တို့စကား”၊ “တို့ပြည်ကို...ချစ်ပါ”၊ “တို့စာကို...ချီးမြှင့်ပါ”၊ “တို့စကားကို...လေးစားပါ” ဟူသည့် ရဲရဲတောက် ဇာတိမာန်စကားစုဖြစ်ပါသည်။ ဤဆောင်ပုဒ်ကို အားနှင့်မာန်နှင့်ရွတ်ဆိုလေတိုင်း ဇာတိသွေး၊ ဇာတိမာန် တို့သည်  ရင်ထဲမှ အလိပ်လိပ်တက်လာကာ ဇာတိမာန်စိတ်ဓာတ်သည် တဟုန်းဟုန်းတောက်လောင်ရမြဲဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မြန်မာစာကို ဖွံ့ဖြိုးတိုးတက်စည်ပင်သည်ထက် ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် အစဉ်ကြိုးပမ်းရမည်သာမက ဖျက်ဆီး ဖြိုဖျက်မည့် ဘေးအန္တရာယ်မှလည်း အစဉ်ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိနေသည်။ ထိုတာဝန်သည် ဘေးဘိုးဘီဘင် အစဉ်အဆက်မှ သားမြေးတီကျွတ်ဆက်တိုင်အောင် စောင့်ထိန်းရမည့်တာဝန်ဖြစ်သည်။ ခေတ်အဆက်မြန်မာ လူငယ်တို့ သယ်ပိုး ထမ်းရွက်ရမည့်တာဝန်ကြီးတစ်ရပ်လည်းဖြစ်သည်။ မြန်မာဂန္ထဝင်စာပေများကို ဂရုတစိုက်မှတ်သားထိန်းသိမ်းနိုင်ကြမှသာ မြန်မာ တို့၏ တန်ဖိုးစစ်စစ်တွေ့မြင်နိုင်ကြရမည်ဖြစ်သည်။

မြန်မာလူမျိုးများကို ဘုရင်ထီးနန်းသာမက လူမျိုးပါပျက်သုဉ်းစေအံ့ဟု တရားဝင်၊ သမိုင်းဝင်ကြေညာကာ ဖျက်ဆီးခဲ့သော နယ်ချဲ့ ဗြိတိသျှကိုလိုနီဝါဒသမား လူဆိုးလူညစ် ဆာဖရက်ဒရစ်(စ်)ကရော့စ်ဝိတ်၊ မြန်မာနိုင်ငံအား ကျွန်အဖြစ်သွတ်သွင်းလျက် ဗြိတိသျှ ဘုရင်မကြီးအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ၁၈၈၆ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးချိန် ညသန်း ခေါင်ယံတွင် ကြေညာခဲ့သူ ဗြိတိသျှနန်းရင်းဝန်ရန်းဒေါ့ချာချီတို့ကိုလည်း မျိုးဆက်သစ်တို့ မေ့မပစ်ရန်လိုပေသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း သည်ယနေ့ ၂၀၂၁ ခုနှစ်မှပြန်လည်ရေတွက်သော် အတိတ်ကာလ လွန်ခဲ့သောနှစ်ပေါင်း ၁၉၇ နှစ်ဖြစ်သော၁၈၂၄ ခုနှစ်မှစ၍ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ကျူးကျော်လျက် မြန်မာလူမျိုးတို့၏ အမျိုးအနွယ်၊ စာပေယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားရေး၊ လူမှုရေး၊ သာသနာရေး၊ စစ်ရေးဓလေ့ထုံးစံတို့ကို ဖျက်ဆီးရိုက်ချိုးပစ်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်သည်။

အရိုင်းဆုံး၊ အယုတ်မာဆုံးလုပ်ရပ်မှာ ဂျင်နရယ်ပရင်ဒါဂတ်သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ကိုးကွယ်နေသော ဂေါတမ မြတ်စွာဘုရား၏ ရုပ်ပွားတော်ကို သူ၏စစ်သားများနှင့်အတူ ခြေထောက်အောက်တွင်ထား၍ ဓာတ်ပုံအရိုက်ခံသည်။ မြန်မာ့ သာသနာရေးရာအယူအဆကို ခြေနှင့် နင်းခြေပြလိုက်ကြောင်းလုပ်ဆောင်ပြချက်ကို မြန်မာလူမျိုးတိုင်းသည် မေ့ပစ်၍မရနိုင်ကြပါ။ မေ့ပျောက်ပစ်၍လည်း မေ့ကောင်းသောအရာမဟုတ်ပါပေ။ မြန်မာစာပေအမွေအနှစ်သည် ဗုဒ္ဓယဉ်ကျေးမှုမှ အခြေခံလာခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများသည် မြန်မာတို့ကို ယဉ်ကျေးသောလူမျိုးဖြစ်စေခဲ့သည်။ မေတ္တာတရားပြည့်ဝသော လူမျိုးများ ဖြစ်စေခဲ့သည်။ မြန်မာစာပေယဉ်ကျေးမှုကို စနစ်တကျလေ့လာကြည့်လျှင် ခေတ်အလျောက်စာပေရေးဖွဲ့မှုဖြစ်သည့် ကဗျာ၊ လင်္ကာ၊ ရတု၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ သဖြန်၊ ဒွေးချိုး၊ လေးချိုး၊ ပျို့၊ မော်ကွန်း၊သံပေါက်၊ လူးတား၊ ကြိုးဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်သံ၊ ဗုံကြီးသံ စသည်ဖြင့် စာပေကဗျာမျိုးစုံတို့ကို တအံ့တသြတွေ့ရမည်ဖြစ်သည်။ ဤစာပေအဖွဲ့အနွဲ့များ၊ ပြဇာတ်များ၊ စကားပြေများ သည် မြန်မာလူမျိုးတို့၏ စာပေယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို သက်သေပြလျက်ရှိသည်။

ကမ္ဘာပေါ်၌ စာပေယဉ်ကျေးမှုမြင့်မားသော အခြားတိုင်းပြည်များနှင့် မြန်မာလူမျိုးတို့သည် ရင်ပေါင်တန်းရပ်တည်နိုင်သည်။ မြန်မာ တစ်နိုင်ငံလုံးသူ့ကျွန်အဖြစ်နွံမှာနစ်စဉ် မန္တလေးနေပြည်တော်ရှိ စာပေပရပိုဒ်များကို  အင်္ဂလိပ်တို့ မီးရှို့ဖျက်ဆီးခဲ့သည်မှာ ခုနစ်ရက်မျှ ကြာမြင့်ခဲ့သည်။ စာပေရတနာများ ဖျက်ဆီးခြင်းခံလိုက်ရသည်မှာ လွန်စွာရင်နင့်ဖွယ်ဖြစ်သည်။ မျိုးဆက်သစ်လူငယ် မောင်မယ် အပေါင်းတို့သည် မိမိနိုင်ငံ၊မိမိလူမျိုးတို့၏ မြန်မာဂန္ထဝင်စာပေအမွေအနှစ်စာပေအညွန့်အဖူးများ ထာဝစဉ်ရှင်သန်ရေး ထိန်းသိမ်း ကာကွယ်ကြပါရန် အသိပေးအပ်ပါသည်။   ။