မြန်မာတို့အတွက် မိတ်ကောင်း ဆွေကောင်း

မြန်မာတို့အတွက် မိတ်ကောင်း ဆွေကောင်း

မန်လည်ဆရာတော်ကြီးက “အဝတ်ပုဆိုး၊ တန်ဆာမျိုးကား၊ တိုး၍ တိုး၍၊ တစ်နေ့တစ်ခါ၊ လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏၊ အပေါင်းအဖော်၊ ဟုတုံသော်မူ၊ ငယ်ဖော်ငယ်ပေါင်း၊ ဟောင်းတိုင်းကောင်း၏” ဟူ၍ ဖွဲ့ဆိုထားသည်။ အဝတ်အစားမှာ သစ်တိုင်း ကောင်းလှသော်လည်း မိတ်ဆွေမူကား မိတ်ဟောင်းဆွေဟောင်းသည်အကောင်းဆုံးဟုဆိုလိုရင်းဖြစ်သည်။ မိတ်ဆွေဟုဆိုရာတွင် ငယ်ပေါင်းကြီးဖော်များကို ရောင်းရင်းဟုဆိုကြသည်။ အသက်အရွယ်ရကာ တွေ့ကြုံဆက်ဆံရသူကို ရိုးရင်းဟုဆိုပေသည်။ မိတ်ဆွေ ဖြစ်လွယ်သောယနေ့ကာလတွင် ဟောင်းတိုင်းလည်း စိတ်ချရသည်မဟုတ်သလို သစ်တိုင်းလည်းအဆင်မပြေသည်ဟုမဆိုသာချေ။ စိတ်ဓာတ်အခြေအနေနှင့် လူကဲခတ်မှန်ကန်ဖို့သာ လိုအပ်သည်။ စိန်ကဲကျောက်ကဲထက် လူကဲခတ်ရန်ခက်ခဲသည်ဟုဆိုပါသည်။ စိတ်ထားမှန်ကန်သော မိတ်ဆွေနှင့်တွေ့ကြုံရန်လိုပေသည်။ မိတ်ဆွေစစ်သည် မိမိအကျိုးကိုသယ်ပိုးဆောင်ရွက်သည်။

အဆင့်အတန်းအသက်အရွယ်များပြောင်းလဲသော်လည်း စိတ်ထားမပြောင်းလဲသူများ ဖြစ်သည်။ မိတ်ဆွေတုမှာ အခွင့်အလမ်း ရှာဖွေကာ အကျိုးစီးပွားလိုသလိုလိုနှင့် ပျက်စီးအောင်ပြုတတ်ခြင်းဖြစ်သည်။လိုအပ်သောအခါ ကူညီသူသည်မိတ်ဆွေစစ်ဖြစ်ပြီး အခက်အခဲအကျပ်အတည်းဖြစ်နေချိန်တွင် ရှောင်လွှဲမသွား၊ အကြောင်းတစ်စုံတစ်ရာမပြ လက်တွဲကူညီဖြေရှင်းပေးသည်။ သာမန် ထက် အရေးကြီးသည့်အချိန်တွင် မိတ်ဆွေစစ်နှင့်မိတ်ဆွေတုကိုခွဲခြားနိုင်လေသည်။ တစ်ခါတစ်ရံကြုံရတတ်သည်မှာ မမျှော်လင့် သောမိတ်ဆွေက မိမိအပေါ်ကောင်းတတ်ပြီး မျှော်လင့်ထားသောမိတ်ဆွေက ပျက်ယွင်းတတ်ခြင်းမျိုးတွေ့ကြုံနိုင်သည်။ မိတ်ဆွေနှင့် ပတ်သက်သည့် အဆုံးအမများ၊ အဆိုအမိန့်များ များပြားပါသည်။

အထူးသဖြင့်ဟန်ဆောင်သောမိတ်ဆွေသည် ရန်သူထက် ဆိုးရွားကြောင်းသိမြင်ဖို့ဖြစ်လေသည်။ အနီးကပ်ရန်သူလည်းဖြစ်နိုင်သည်။ စိတ်ပေါင်းကိုယ်ခွာ၊ ကိုယ်ပေါင်းစိတ်ခွာစကားရပ်လည်းရှိတယ်။ စကားရပ်တစ်ခုတွင် သင့်မှာ မိတ်ဆွေတစ်ရာရှိသည်ဟု ပြောသည် ဆိုပါကနည်းသေးသည်။ ရန်သူတစ်ယောက်ရှိပါမူ များလွန်းသည်ဟုဆိုပေသည်။ ရန်သူမရှိဘဲ မိတ်ဆွေချည်းသာရှိနေမည်ဆိုလျှင် လောကသည်သာယာနေပါလိမ့်မည်။ လောကဇာတ်ခုံတွင် အရေးကြုံအားထားရသည့် မိတ်ကောင်းဆွေမွန်များကား ရှားပါးလှသည်။ ကိုယ်နှင့်ထပ်တူမျှဝေခံစားအသိအမှတ်ပြုဖို့လိုပေသည်။ သတိထားမိသမျှတင်ပြရလျှင် လောက၌ လောဘဒေါသ အတ္တမာနကြီး သူတို့သည် မိတ်ဆွေနည်းပါးတတ်သည်။ လုပ်ငန်းခွင်၌သိသာထင်ရှားသည်။ မြန်မာမှုတွင် ဗလငါးတန် ပြည့်ဝအောင် ကြိုးစားဖို့တိုက် တွန်းထားသည်များရှိသည်။ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊မိတ္တဟူ၍ဖြစ်ပေရာ မိတ္တဗလသည်တစ်ခုပါဝင်သည်။ မိတ္တဗလသည် လူမှုစီးပွားဆက်ဆံရေးတွင် အရေးပါလှသည်။ ကမ္ဘာကျော်စာရေးဆရာဒေးလ်ကာနက်ဂျီက မိတ္တဗလဋီကာဟူသော စာအုပ် တစ်အုပ် ရေးခဲ့သည်။ ထိုစာအုပ်တွင် မိတ်ဆွေတိုးပွားဖို့၊ ပေါင်းသင်းတတ်ဖို့၊ ကြီးပွားတိုးတက်ရေးအကြောင်းများကို စေ့စေ့စပ်စပ် တင်ပြထား သဖြင့် နိုင်ငံတကာတွင် ဘာသာပြန်ဆိုကြကာ လွန်စွာပျံ့နှံ့ခဲ့သောစာအုပ်ဖြစ်သည်။

အဓိကအားဖြင့် လူမှုဆက်ဆံရေးလောကအတွက် ရေးသားထားခြင်းဖြစ်သော်လည်း မိတ်ဆွေကောင်းဖြစ်ဖို့ဆိုသည်မှာ ကိုယ်က လည်း သူ့အပေါ်မိတ်ဆွေကောင်းပီသရန်လိုအပ်ပေသည်။ လောကကြီးတွင် နေထိုင်ခွင့်ရသူတိုင်း တိုးတက်ကြီးပွား လိုကြသူများ သာဖြစ်သည်။ တိုးတက်ကြီးပွားကြောင်း သမ္ပဒါတရားလေးပါးရှိလေသည်။ ယင်းတို့မှာ ကလျာဏ မိတ္တသမ္ပဒါသည်လည်း တစ်ခုပါဝင် လေသည်။ သိင်္ဂါလောဝါဒသုတ်တွင် မိတ်ဆွေကျင့်ဝတ် (၅) ပါးကို “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ” ဟူ၍ဖော်ပြထားလေသည်။ မိတ်ဆွေကောင်းများဝန်းရံစေမှုဖြင့် မျှတသောအသက်မွေးမှု၊ စီးပွားဥစ္စာဖြစ်ထွန်းမှုတို့ကို ဖြစ်စေသည်။ လူတစ်ဦးချင်းစီတွင် မိတ်ဆွေကောင်းလိုအပ်သကဲ့သို့ နိုင်ငံ တစ်နိုင်ငံ ချင်းအနေဖြင့်လည်း မိတ်ဆွေကောင်းနိုင်ငံများ လိုအပ်လှပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် နိုင်ငံရေးဦးတည်ချက်များ၌ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးရေး ဟူ၍ထင်ထင်ရှားရှားဖော်ပြထားပါသည်။ မြန်မာနိုင်ငံသည်  ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးသော ချစ်ကြည်ရေး၊ တစ်နည်းဆိုရလျှင် မိတ်ကောင်းဆွေကောင်းဆက်ဆံရေးကိုသာအလိုရှိပါသည်။ မြန်မာတို့အပေါ်တွင် အမှန်တကယ် နားလည် စာနာတတ်သောနိုင်ငံများကိုကြိုဆိုလျက်ရှိပါသည်။ မိတ်ကောင်းဆွေကောင်းအဖြစ် အသိအမှတ်ပြုလျက်ရှိပါသည်။ အနေဝေးသော်လည်း စိတ်ချင်းနီးစပ်သောမိတ်ဆွေများ၊ အနေလည်းနီးစိတ်ချင်းလည်းနီးစပ်သော မိတ်ဆွေနိုင်ငံများသည် မြန်မာတို့ အတွက် မိတ်ကောင်းဆွေကောင်းများဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။