မြန်မာနိုင်ငံသားများအတွက် ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခြင်း ဆက်လက် ခွင့်ပြုမည်

ဂျပန်အစိုးရက မြန်မာနိုင်ငံသားများ အတွက် ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခြင်းကို  ဆက်လက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ဂျပန်သံရုံးမှ သိရသည်။

ဂျပန်အစိုးရက ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က  COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်သစ်အဖြစ် ဂျပန်နိုင်ငံသို့  ဝင်ရောက်ခြင်းကို ယာယီပိတ်ပင်ရန် ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် မြန်မာနိုင်ငံသားများအတွက် ယခုအချိန်ထိ ထုတ်ပေးထားသော ပြည်ဝင်ခွင့်ဗီဇာဖြင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခြင်းကို ဆက်လက် ခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် အလုပ်ကိစ္စ၊ ကာလရှည်နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်လိုသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကန့်သတ်ချက်ကို လျှော့ချထားသည့်  Residence Track  ဖြင့်  သွားရောက် မည့်သူများသည် ဂျပန်သံရုံး၌ ဗီဇာလျှောက်ထား မှုများ  ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ် သည်။

မြန်မာနိုင်ငံသားများ အနေဖြင့်  ဂျပန်နိုင်ငံသို့ ဝင်ရောက်ရာတွင်  မြန်မာနိုင်ငံမှ မထွက်ခွာမီ   မြန်မာနိုင်ငံအတွင်း  COVID-19  PCR စစ်ဆေးထားသော ရောဂါကင်းရှင်းကြောင်း   ထောက်ခံစာ ရယူရန် လိုအပ်မည်ဖြစ်သည်။

ဆက်လက်၍ ဂျပန်နိုင်ငံသို့ရောက်ရှိ ချိန်တွင်  ချမှတ်ထားသော စီမံချက်များကို  လိုက်နာရန်  လိုအပ်မည်ဖြစ်ကြောင်း၊ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံဆိုင်ရာ  ဂျပန်သံရုံးကောင်စစ်ဌာန     အီးမေးလ် ryoji@yn.mofa.go.jp  သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း  သိရသည်။