မြန်မာ့ရိုးရာယဉ်ကျေးမှု ဆက်လက် ထိန်းသိမ်းရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဇွန် ၇ ရက်)

ယဉ်ကျေးမှုဟူသည် လူတို့၏ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်မျိုးစလုံးနှင့် သက်ဆိုင်သည်။ ယဉ်ကျေးမှုဟုဆိုရာတွင် ယုံကြည်ကိုးကွယ်သည့် ဘာသာတရား၊ လူမှုဓလေ့ထုံးတမ်း အတွေးအခေါ်အယူအဆများ၊ ဝတ်စားဆင်ယင်မှု၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ အနုသုခုမ၊ ဘာသာစကား၊ စာပေစသည်တို့ အကျုံးဝင်ပါသည်။ မျိုးချစ်စိတ် ရှိသူတိုင်း၊ နိုင်ငံချစ်စိတ်ရှိသူတိုင်း မိမိတို့၏ ယဉ်ကျေးမှုကောင်းများ မပျောက်ပျက်ရအောင် ထိန်းသိမ်းကြရသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာအောင် အားထုတ်ကြရသည်။ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လူမှုအဆင့်အတန်းမှာလည်း မြင့်မားလာရပေသည်။

မြန်မာတို့၏ယဉ်ကျေးမှု မြင့်မားခြင်းကို ရှေးဟောင်းမြို့ပြနိုင်ငံဖြစ်သော ပျူခေတ်မှသည် ယနေ့တိုင်ခိုင်ခိုင်မာမာ တွေ့ရှိနိုင်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုရှိသည့် အတွက် ဗုဒ္ဓစာပေနှင့် ဆက်နွှယ်သော စာပေဆိုင်ရာ ယဉ်ကျေးမှု၊ အနုသုခုမဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာရေးအသိတရား ဆိုင်ရာ ယဉ်ကျေးမှုတို့သည် ရှေးအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည်။ အနုသုခုမဆိုင်ရာ ယဉ်ကျေးမှုတွင် မြန်မာတို့၏ အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပုပညာရပ်များ ပါဝင်သည်။ ထိုပညာရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသည်။ ယနေ့မြင်တွေ့နေရသော ဇာတ်သဘင်သည် ပျူခေတ်ကတည်းကထွန်းကားခဲ့ခြင်းဖြစ်သည်။ ၈ ရာစုတွင် သရေခေတ္တရာမှ အကအဖွဲ့တစ်ဖွဲ့သည် တရုတ်ပြည်သို့ ရောက်သွားခဲ့ကြောင်း တရုတ်မှတ်တမ်းများအရ သိရသည်။

ထိုအဖွဲ့တွင် ကြေး၊ ကြိုး၊ သားရေ၊ ဆင်စွယ်၊ ဘူးသီးခြောက်၊ ဝါး၊ ဦးချိုစသည်တို့ဖြင့် ပြုလုပ်သော တူရိယာများ ပါဝင်ကြောင်း၊ လေးယောက်တစ်တွဲ၊ ခြောက်ယောက်တစ်တွဲ၊ ရှစ်ယောက်တစ်တွဲ၊ ဆယ်ယောက်တစ်တွဲ စသည်ဖြင့် အကမျိုးစုံပါကြောင်း၊ ဝတ်စားတန်ဆာလှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးကချေသည်များက အတီးကိုလိုက်၍ ညီညာစွာခြေမြှောက်လက်မြှောက် ကော့ညွှတ်၍ကကြကြောင်း၊ သီချင်းများမှာလည်း ၁၂ မျိုးရှိကြောင်းတို့ကို   မှတ်တမ်းတင် ရေးထားကြသည်။ ပျူခေတ်မှသည် ယနေ့တိုင် မြန်မာတို့သည် ထိုယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ပြီး အရိုးကိုအရွက် မဖုံးစေရအောင် ကြိုးစား အားထုတ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လူမှုရေးဦးတည်ချက်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက် တစ်ရပ်ပါရှိသည်။ ထိုဦးတည်ချက်အတိုင်း ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပုပြိုင်ပွဲ ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေကြောင်း သတင်းကောင်း ကြားသိရသည်။ 

မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း၊ ဇာတိသွေးဇာတိမာန် ရှိသူတိုင်းက မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားသည်။ လေးစားထိန်းသိမ်း စောင့်ရှောက်သည်။ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊  အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်သည့်အနေဖြင့် မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ် ပထမငါးနှစ်သက်တမ်း အစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ နှစ်စဉ် ကျင်းပပေးခဲ့သည်။ ဒုတိယငါးနှစ်သက်တမ်း အစိုးရလက်ထက်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးခြင်းမရှိသော ထိုအစိုးရ လက်ထက်တွင် ပြည်သူများမြန်မာ တိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများနှင့် ကင်းဝေးခဲ့သည်။ ရွှေတိဂုံစေတီ ပုံရိပ်ပေါ်၌ နိုင်ငံခြားအက ကသည်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှု ပျက်စီးခဲ့သည်။ ယခုနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရမှာ တာဝန်ယူသော ကာလတိုတောင်းသော်လည်း အဆက်ပြတ်သွားသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက တတ်နိုင်သည့် အတိုင်းအတာအလျောက် ပြန်လည်ဖော်ထုတ်ပေးခြင်း ဖြစ်ပေသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပု ပထမအကြိမ်ပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ တတိယပတ် သို့မဟုတ် ဒီဇင်ဘာလပထမပတ်တွင် ကျင်းပရန် လျာထားကြောင်းလည်း သိရှိရသည်။

အနှစ်ချုပ်ဆိုရသော် ပြည်သူအများ မျှော်လင့်တောင့်တနေသော ပြိုင်ပွဲကြီး ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုလျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။  ။