မြန်မာ့အကျိုးကိုမလိုလားသူများအလိုမရှိပါ

မြန်မာ့အကျိုးကိုမလိုလားသူများအလိုမရှိပါ

မြန်မာနိုင်ငံတွင် အင်အားတောင့်တင်း၍ ကျွမ်းကျင်ပညာရှင်များပေါများသော အစိုးရတစ်ရပ်ပေါ်ပေါက်လာမည်ကို အနောက်နိုင်ငံ အချို့ကမလိုလားပေ။ သူတို့လိုလားသည်မှာ ပြည်ပသြဇာခံ၊ သူတို့ခြယ်လှယ်တိုင်းရနေသည့် အစိုးရတစ်ရပ်သာ ဖြစ်သည်။ ပြည်ပ  အကြံပေးအမည်ခံကာ အစိုးရအသိုင်းအဝိုင်းတွင် ထဲထဲဝင်ဝင် ထင်ထင်ရှားရှားသွားလာခွင့်ကို သူတို့လိုလားသည်။ ကျစ်လျစ် ခိုင်မာသော တပ်မတော်ရှိနေသည်ကိုမလိုလား။ တပ်မတော်ကိုအင်အားချည့်နဲ့အောင် လုပ်ဆောင်မည်။ အထင်ရှားဆုံးဖြစ်ရပ်များ ကိုညွှန်းရလျှင် ၉-၁၀-၂၀၁၆ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့မှ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုအား အကြမ်းဖက်တို က်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး လက်နက် ၆၈ လက်ဆုံးရှုံးခဲ့ခြင်း၊ ၂၅-၈-၂၀၁၇ ရက်နေ့ နံနက် ၀၁၃၀ နာရီအချိန်တွင် ထို ARSA အကြမ်းဖက်အဖွဲ့ကပင် ရဲစခန်း ၃၀ နှင့်တပ်ဌာနချုပ်တစ်ခုအားအကြမ်းဖက်တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးပြီး လက်နက် ၆ လက်ဆုံးရှုံးခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှုများကို မြန်မာနိုင်ငံမဟုတ်ဘဲ အခြားသောနိုင်ငံတွင်ဖြစ်ခဲ့လျှင်လည်း ထိုနိုင်ငံရှိတပ်မတော်သည် ပြင်းပြင်းထန်ထန်တုံ့ပြန် ကာကွယ်မည်သာဖြစ်သည်။ မြန်မာ့တပ်မတော်သည် မိမိပိုင်နက်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်သည်။ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဟိန္ဒူအမျိုးသား ၁၀၆ ဦးအသက်ဆုံးရှုံးပြီး ရွာပေါင်း မြောက်မြားစွာ မီးရှို့ဖျက်ဆီးသည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်က ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးသည် ရာနှုန်းပြည့်တရားမျှတသည်။ သို့သော် OIC နှင့်ထိုစဉ်က NLD ပါတီခေါင်းဆောင်တို့ပူးပေါင်းကာ မြန်မာနိုင်ငံအား ICJ တွင်အမှုဖွင့်သည်။ ဤကား အကျဉ်းချုပ် ဖော်ပြခြင်း ဖြစ်သည်။ အနောက်နိုင်ငံကလိုလားသည်မှာ ထိုအစိုးရမျိုးဖြစ်သည်။

မြန်မာပြည်သူအများစု၏ ရင်ထဲတွင် ထိုအစိုးရမျိုးကို မလိုလားပါ။ မိမိနိုင်ငံကို အုပ်ချုပ်သော အစိုးရသည် အမျိုးဘာသာသာသနာကို စောင့်ရှောက်ပြီး မည်သည့်နိုင်ငံကိုမျှမကြောက်သော အစိုးရမျိုးကိုသာ လိုလားပါသည်။ အထူးသဖြင့် မြန်မာ့ပြည်တွင်းရေးတွင် လူ့အခွင့်အရေးအကြောင်းပြကာ ဝင်ရောက်စွက်ဖက်နေခြင်းကို မလိုလားပါ။ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုကို လက်ခံသော်လည်း အချက်အလက် မှန်မှန်ကန်ကန် ဖော်ထုတ်ခြင်းမျိုးသာဖြစ်သင့်သည်။ လက်ရှိဖြစ်ပျက်နေမှုတွင် မြန်မာနိုင်ငံ၌ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသည်မှာ NLD ပါတီမှ NUG, CRPH နှင့် PDF အဖွဲ့ဝင်များသာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများကိုသတ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ဆောင်နေသူများကိုသတ်ဖြတ်သည်။ ကျေးရွာများကိုမီးရှို့သည်။ စာသင်ကျောင်းအပါအဝင် အဆောက်အအုံတွေမီးရှို့သည်။ လူထုဆက်သွယ်ရေး ပြတ်တောက်စေရန် တာဝါတိုင်များကို ဖျက်ဆီး သည်။ ဘဏ်တွေကိုဓားပြတိုက်သည်။

ဤမျှမက လူ့အခွင့်အရေးချိုးဖောက်နေသော NUG, CRPH နှင့် PDF အဖွဲ့ကိုကိုယ်စားပြုသည်ဟုဆိုသော နိုင်ငံတော်သစ္စာဖောက် တရားခံပြေး ကျော်မိုးထွန်းကိုလက်ခံကာ အစည်းအဝေးတက်ရောက်ခွင့်ပြုခြင်းသည် အကြမ်းဖက် အဖွဲ့အစည်းကို အားပေးနေခြင်း ဖြစ်သည်။ ၎င်းကိုပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့်အဖွဲ့အစည်းများ၏အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက် ပယ်ချပြီး ယင်းသို့ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်မငြိမ်မှုဖြစ်ပေါ်စေရန် လှုံ့ဆော် အားပေး ရာရောက်ကြောင်း သတိပေးအပ်သည်ဟူ၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဤသတင်းထုတ်ပြန်ချက်ကို  NLD ပါတီမှ NUG, CRPH နှင့် PDF အဖွဲ့ဝင်များကလွဲ၍ ရဟန်းရှင်လူပြည်သူများက လှိုက်လှိုက်လှဲ လှဲထောက်ခံသည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသုံးရပ်ကို မှန်ကန်စွာ ကိုင်တွယ်ကျင့်သုံးနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အိမ်စောင့်အစိုးရသည်သာ မြန်မာနိုင်ငံ၏တရားဝင်အစိုးရဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများနှင့် အခြားသော ကမ္ဘာ့နိုင်ငံများကလည်း အသိအမှတ်ပြုထောက်ခံပြီးဖြစ်သည်။ ဂျီနီဗာတွင်ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ်ဆန့်ကျင်သည့် ဆွေးနွေးမှု(၃)ခုကို သက်ဆိုင်ရာမြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့သည်။ မြန်မာ့ကိစ္စ အစီရင်ခံချက်များတွင် တိကျမှန်ကန်ခိုင်လုံမှုမရှိဘဲ လိုရာဆွဲယူ ဖော်ပြထားသော စွပ်စွဲချက်များသာဖြစ်နေ ကြောင်း သိရှိရသည်။

NLD ပါတီမှ NUG, CRPH နှင့် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၇၉၉ ဦးအထိ သတ်ဖြတ်ထားသည်။ ထိုကြောက်ဖွယ် လိလိကိန်းဂဏန်းကို လူ့အခွင့်အရေး အစီရင်ခံစာများတွင် ဖုံးကွယ်ထားသည်။ NUG အကြမ်းဖက်အဖွဲ့က လက်နက်ကိုင် အကြမ်းဖက်မှုများ အရှိန်မြှင့်တင်တိုက်ခိုက်ရန် ၇-၉-၂၀၂၁ တွင်ထုတ်ပြန်ခဲ့သည့်ကြေညာချက်နှင့်ပတ်သက်၍ အစီရင်ခံစာ တင်သွင်း သူက ယင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုအမွှမ်းတင်ထားသည်။ မြန်မာပြည်သူများကောင်းကျိုးစီးပွားထက် ပျက်စီးရေးကို သာလုပ်ဆောင်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသော ယန္တရားများ၏ အစီရင်ခံစာများနှင့် ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချခဲ့ပြီး ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများ၊ နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား မြန်မာပြည်သူတစ်ရပ်လုံးက အလိုမရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။