မြဝတီမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

မြဝတီမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၇

  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စက်တင်ဘာ ၂၆ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် သောင်းရင်းမြစ်ရေ စိုးရိမ် ရေအမှတ်အထက် ၁၈၃ စင်တီမီတာ ကျော်လွန်ရောက်ရှိခဲ့သဖြင့် မြဝတီမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅) ရပ်ကွက်များအတွင်း သောင်းရင်းမြစ်ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ၇၂၇ ဦးတို့အား အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ ရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ အမှတ်(၁) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ၆၉၂ ဦးတို့အား အဓိဋ္ဌာန်အောင်ဓမ္မာရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ ရေဘေးကယ်ဆယ်ရေး စခန်းသို့ လည်း ကောင်း၊ အမှတ်(၂)ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ၃၆၃ ဦးတို့အား အမှတ်(၂)အခြေ ခံပညာအလယ်တန်းကျောင်း ရေဘေးကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူ ၅၅၃ ဦးတို့ အား မွန်ဘုန်းကြီးကျောင်းနှင့် အမှတ်(၃)အခြေခံအထက်တန်းကျောင်း ရေဘေး ကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့တို့က ပြောင်းရွှေ့နေရာ ချထားပေးပြီး လိုအပ်သည်များ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ယာယီရေဘေးကယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများ အတွက် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆန် ၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူး များအား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။