မြို့တော်သန့်ရှင်း သာယာလှပရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၃  ရက်)

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဖြစ်တည်ပေါ်ထွန်းခဲ့သော မင်းနေပြည်များ အဖြစ် ပျူခေတ်မှယနေ့တိုင် မြို့တော်ပေါင်း ၁၂ မြို့နယ်ရှိကြောင်း သိရှိရသည်။ ထိုမင်းနေပြည်များမှာ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ(ပဲခူး)၊ ရွှေဘို၊ အမရပူရ၊ မန္တလေး၊ ရန်ကုန်နှင့်နေပြည်တော်တို့ ဖြစ်သည်။ နေပြည်တော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပုဒ်မ ၄၄ဝ တွင် ''နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်''ဟူ၍ တရားဝင် သတ်မှတ်ပြဋ္ဌာန်း ထားရှိသည်။

ကိုလိုနီခေတ်မှ ၂ဝဝ၅ ခုနှစ်အထိ ရန်ကုန်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုယန္တရားကြီး တစ်ခုလုံးကို ရန်ကုန်မှနေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ နေပြည်တော်သည် ဗျာဒိတ်ရမင်း နေပြည်တော်ဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းဦး၏ ဗျာဒိတ်ရ မြန်မာမင်းနေပြည်များ စာအုပ်တွင် ရေးသားထားသည်။ အကျဉ်းချုပ် ဖော်ပြရလျှင် မြတ်စွာဘုရားသည်နေရောင်ပြကုန်း၌ စံနေတော်မူစဉ် ဆင်သားအဖသည် ဘုရားရှင်အား ကြံများလှူဒါန်းသည်။ ထိုကြံများကို ပလလဲဆင်မင်းက ကြံရည်ညှစ်ကာ ဘုရားရှင်ထံဆက်ကပ်သည်။

ဘုရားရှင်ကကြံရည်ကို ဘုဉ်းပေးတော်မူပြီးနောက် ပလလဲဆင်မင်းအား မိန့်တော်မူသည်။ ဤဆင်သားအဖသည် ငါဘုရားအား ကြံတို့ဖြင့် ရိုသေစွာပူဇော် လှူဒါန်းပေသည်။ ထိုကုသိုလ်ကြောင့် ဆင်သားအဖသည် ဤနေရောင်ပြအရပ်ကို အုပ်စိုး၍ ဘုန်းတန်ခိုးကြီးမားသော မင်းဧကရာဇ်များဖြစ်လတ္တံ့။ ဤနေရောင်ပြ အရပ်တွင် နန်းတည်၍စံလတ္တံ့။ ငါသီတင်းသုံးတော်မူရာ ဖြစ်သော ဤနေရောင်ပြကုန်းသည် ကမ္ဘာဆုံးသည့်တိုင်အောင် အယုဇ္ဈအောင်မြေဖြစ်၍ ထိုအရပ်ကို အမှီပြုသော မင်းတိုင်းပင်လျှင် ရန်အပေါင်းကို အောင်မြင်ကုန်လတ္တံ့။ ဤနေရောင်ပြအင်းကြီးသည် အမြဲတည်သော အင်းမဟုတ်ဘဲ ရံခါအင်းဖြစ်၍ ရံခါညီညွတ်သော မြေပြင်ဖြစ်လတ္တံ့။ ကြာအင်းပျောက်၍ ညီညွတ်သောမြေအဖြစ်သို့ ရောက်တိုင်း ဤဌာနတွင် ဘုရင်ဧကရာဇ်တို့၏ ထီးနန်းစိုက်ရာ မြေဖြစ်လတ္တံ့။ မြို့ပြပြည်ရွာ သာယာစည်ပင်လတ္တံ့။ သာသနာတော် နှစ်ထောင့်လေးရာကျော်သော အခါ၌ ဤနေရောင်ပြအနီး သိမ်ကြီးကိုးသိမ်ပေါ်လတ္တံ့။ ပြာသာဒ်ကိုးဆောင်ပေါ်လတ္တံ့။ ဤနေရောင်ပြ အနီးတွင် လမ်းကြီးတောင်မြောက်တွင်လတ္တံ့။ ငါဘုရား၏ သာသနာကို ကောင်းစွာရွက်ဆောင်၍ ထွန်းကားအောင်ပြုစုသော မထေရ်တစ်ပါးပေါ်လတ္တံ့...ဟူ၍ ဗျာဒိတ်ထားခဲ့သည်။

ထိုသို့မြတ်စွာဘုရား ဗျာဒိတ်တော် မိန့်ကြားတော်မူသည့်အတိုင်း နေပြည်တော်ဟူ၍ မင်းနေပြည်ပေါ်ထွန်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရပြီဖြစ်သည်။ နေပြည်တော်တွင် ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့ကို နေပြည်တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၃၄/ ၂ဝ၁ဝ ဖြင့် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၂ဝ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

နေပြည်တော်သည် မြန်မာ့သမိုင်းတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရာ နယ်မြေလည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၈ ရက် ညနေပိုင်းတွင် နေပြည်တော် မင်္ဂလာ ကန်တော်ပတ်လမ်း တိုးချဲ့တည်ဆောက်မည့် အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့်မြေနေရာ ပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ''ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး အစိုးရ ရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာ သပ်ရပ်မှုတွင် စံပြဖြစ်နေရမည်ဖြစ်ကြောင်း၊ အများပြည်သူ အပန်းဖြေသည့်နေရာ ဖြစ်သည့်အတွက် ပြည်သူများ စိတ်လက်အေးချမ်း သာယာစွာဖြင့် အနားယူ အပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီအချိန်အတွင်း မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မြို့တော်အတွင်းလမ်းများ၊ လူနေရပ်ကွက်များ အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာမှု ရှိစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန်''မှာကြားခဲ့သည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး နိုင်ငံတော်အတွက် အဘက်ဘက်က အဓိက နေရာတွင်တည်ရှိသည်။ ရန်ကုန်မြို့မှ မြောက်ဘက် ၂၄၄ မိုင်ခန့်အကွာ၊ မန္တလေးမြို့မှတောင်ဘက် ၁၈၆  မိုင်ခန့်အကွာ၊ တောင်ကြီးမြို့နှင့် လွိုင်ကော်မြို့တို့၏ လမ်းဆုံဖြစ်သော ပင်လောင်းမြို့မှ အနောက်ဘက်မိုင် ၁ဝဝ ခန့်အကွာနှင့် မကွေးမြို့မှ အရှေ့ဘက်မိုင် ၂၂ဝ ခန့်အကွာတွင် တည်ရှိသည်။ နေပြည်တော်၏ အကျယ်အဝန်းမှာ အရှေ့မှ အနောက် ၅၇ ဒသမ ၆ မိုင်ခန့်၊ တောင်မှမြောက်ဘက် ၈၆ ဒသမ ၄ မိုင်ခန့်ရှည်လျားပြီး စုစုပေါင်း ဧရိယာ၂၇၂၄ ဒသမ ၇၆ စတုရန်းမိုင် ကျယ်ဝန်းသည်။ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက်သောမြို့တော် ၁ဝ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့တော်သန့်ရှင်း သာယာလှပရေးအတွက် မြို့တော်နေပြည်သူများ အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။