ရထားစီးခရီးသည်များ အဆင်ပြေစေရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ ၂၄ ရက်)

မြန်မာနိုင်ငံ အတွင်း တစ်နေရာနှင့်တစ်နေရာ ကွန်ရက်သဖွယ် ဆက်သွယ်ထားသော ကားလမ်းများ၊ ရထားလမ်းများကို ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရန် လိုအပ်သည်။ နိုင်ငံတော် တစ်ဝန်းလုံး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် အဖျက်သမားတို့က နည်းမျိုးစုံဖြင့် ဖျက်ဆီးလျက်ရှိသည်။ ရထားလမ်းများတွင် ရထားများ သွားလာမရအောင် ပိတ်ဆို့ထားခြင်း၊ ရထားသံလမ်းထိန်း ကလစ်များဖြုတ်ထားခြင်း၊ ရထားတွဲများလမ်းချော်အောင် လုပ်ဆောင်ခြင်း၊ မိုင်းထောင်ခြင်းစသည်ဖြင့် အဖျက်နည်းမျိုးစုံဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်အောင် လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံ၏ပို့ဆောင်ရေး လုပ်ငန်းများတွင် ရထားပို့ဆောင်ရေး လုပ်ငန်းသည် ပြည်သူလူထုကို များစွာအထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်သည်။ မြန်မာ့မီးရထားသည် နှစ်ပေါင်း ၁၄ဝ သက်တမ်းရှိပြီ ဖြစ်သဖြင့် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ၌ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယသက်တမ်း အရင့်ဆုံး ဖြစ်ပေသည်။ ရထားပို့ဆောင်ရေးနှင့် ပတ်သက်၍ များစွာသော အတွေ့အကြုံရှိထားပြီး ဖြစ်ပေရာ မည်သည့် အခက်အခဲရှိပါစေ မြန်မာ့မီးရထား ဝန်ထမ်းတို့၏ စေတနာထား ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မီးရထားခရီးစဉ်များ ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့ပြီဖြစ်သည်။ ၂ဝ၂၁ ခုနှစ် မေ ၆ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်-မန္တလေးအမှတ်(၁) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာ ပြေးဆွဲနိုင်ပြီဖြစ်သည်။

ထို့အတူ မေလ ၇ ရက်တွင် ရန်ကုန်မြို့ မြို့ပတ်ရထားခေါက်ရေ ပိုမိုတိုးချဲ့ပြေးဆွဲခြင်းကို စတင်ခဲ့သည်။ အလားတူပင် မေလ ၈ ရက်တွင် ခရီးသည်များ လိုက်ပါစီးနင်းမှု များပြားသော ရန်ကုန်-ပဲခူး RBE ရထား စတင်ပြေးဆွဲပေးခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနား-တောင်တွင်းကြီး- ပျဉ်းမနား အမှတ်(၁ဝ၃)အဆန်၊အမှတ်(၁ဝ၄)အစုန် RBE ရထားကို မေလ ၁၅ ရက်တွင် စတင်ပြေးဆွဲပေးခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေးလျက် ရှိနေပြီဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၁၈ ရက်နံနက်တွင် မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံ မြစ်ငယ်သို့သွားရောက်ကြည့်ရှု စစ်ဆေးပြီး အမှာစကား ပြောကြားရာတွင် မီးရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရန် လိုကြောင်း၊ လမ်းတစ်ခုချင်းအလိုက် တိုင်းတာစစ်ဆေးရန် လိုကြောင်း၊ မီးီးရထားလမ်းများ ကောင်းမွန်ခြင်း မရှိပါက ရထားတွဲများ ပျက်စီးစေပြီး ခရီးသွားလာမှုကို ကြန့်ကြာမှုဖြစ်ပေါ်စေသဖြင့့်် လမ်းများကောင်းမွန်ရေး ရထားလမ်း များအား ထိန်းသိမ်း ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ရေရှည်အတွက် ဦးစားပေးစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိပြေးဆွဲနေသည့် မီးရထားများ တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၁ဝဝ အထိ ခုတ်မောင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း''မှာကြားခဲ့သည်။

မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံမြစ်ငယ်အား ၁၉ဝ၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် တွဲတည်ဆောက်ခြင်းများအား စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါအဆိုပါ စက်ရုံတွင် စက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား အကြီးစားပြုပြင်ခြင်းနှင့်ထိန်းသိမ်းခြင်း လုပ်ငန်းများအားဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်မှစ၍ လူစီးတွဲစက်ရုံမှ လေအိတ်ဘိုဂီတွဲများ တည်ဆောက် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။ မီးရထားစက်ခေါင်းများနှင့် တွဲများပြုပြင် ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများ၊ မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်တွင်းမှ အင်ဂျင်နီယာပညာရှင်များကို အဓိကအသုံးပြု ဆောင်ရွက်၍ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား ပြည်တွင်းဖြစ် တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာများ လေ့လာဆောင်ရွက်ကြိုးပမ်းနေသည်။ ပို့ဆောင်ရေးကဏ္ဍ တိုးတက်ချောမွေ့သည်နှင့်အမျှ ကုန်စည်စီးဆင်းမှုလည်း မှန်ကန်မြန်ဆန်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်နေစဉ်အတွင်း ဘက်စုံထောင့်စုံ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ရှေးရှုဆောင်ရွက်လျက်ရှိသည်။ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အားပေးဆောင်ရွက်နေသည့်အပြင် မြို့ပတ်ရထား၊ လျှပ်စစ်ရထားနှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မီးရထားခရီးစဉ်များ ပြေးဆွဲရာတွင် ခရီးသည်များ အဆင်ပြေပြေ ခရီးသွားရောက်နိုင်ရေးအတွက် ရောက်ရှိထွက်ခွာမှုများ အချိန်မှန်ရေးနှင့် မီးရထားလမ်း တစ်လျှောက်နှင့် မီးရထားယာဒ်ဝန်းများတွင် သန့်ရှင်းမှုရှိစေရေး အမြဲမပြတ် ဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်သူများသွားလာမှု လွယ်ကူအဆင်ပြေရန် ပို့ဆောင်ရေး ကဏ္ဍကို မြှင့်တင်နေပါကြောင်း ရေးသား လိုက်ရပေသည်။ ။