ရပ်ရွာအေးချမ်းသာယာရေး စုပေါင်းရွက်ဆောင်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၂  ရက်)

နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိပါး နှောင့်ယှက်နေသူများသည် ပြည်သူလူထု၏ ရန်သူများဖြစ်သည်။ ထိုရန်သူများကို ဖမ်းဆီးရမိကြောင်း သတင်းများ ကြားရလေတိုင်း အများပြည်သူတို့ ဝမ်းသာကြသည်။ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ် ထားရှိသူများအား ဖော်ထုတ်ဖမ်းဆီးခြင်းဟူသော သတင်းများ၊ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရောက်ခဲ့ပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်ကြိုးပမ်းနေသူများ ဖမ်းဆီးရမိခြင်းစသော သတင်းများသည် အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် သာဓုခေါ်ဖွယ် သတင်းများဖြစ်သည်။ အရေအတွက် များများဖမ်းမိလေ များများဝမ်းသာဖွယ်ကောင်းလေဖြစ်သည်။

ထို့ပြင် စာသင်ကျောင်း မီးရှို့ဖျက်ဆီးသူများနှင့် ကျောင်းများ ဖွင့်လှစ်ရာတွင် အနှောင့်အယှက်ဖြစ်စေမည့် စာရေးသားဖြန့်ဝေသူများ ဖမ်းဆီးရမိခြင်း၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး မီးရှို့ဖျက်ဆီးသူများ ဖမ်းမိခြင်း သတင်းများသည်လည်း သတင်းကောင်းများဖြစ်သည်။ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ရုံးကို မီးရှို့သူများသည် အများထင်သည့်အတိုင်း ယခင်အုပ်ချုပ်ရေးမှူး အဟောင်းများ ပါဝင်နေသည်။ အုတ်ဖိုမြို့နယ် အေးမြသာယာ ကျေးရွာအုပ်စု အမှတ်(၇)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး အဖွဲ့ရုံးကိုမီးရှို့သူမှာ ယခင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ညွန့်ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီး အရေးယူသတင်းတွင် ဖော်ပြထားသည်။ အသက်အရွယ်အားဖြင့် ၇၁ နှစ်ရှိနေပြီဖြစ်သော်လည်း အဖျက်စိတ်က လွှမ်းမိုးဆဲဖြစ်သည်။

တရားဥပဒေဆိုသည်မှာ ပြည်သူလူထုအတွက် အကာအကွယ် အစောင့်အရှောက်ဖြစ်သည်။ အများပြည်သူ စိတ်အေးချမ်းသာ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန် တရားဥပဒေက ထိန်းသိမ်းစောင့်ရှောက်သည်။

ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ စကားနှင့်အညီ လူတိုင်းသည် ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ လူတိုင်းက ဥပဒေကို လေးစားဖို့၊ လိုက်နာဖို့လိုသည်။ အထက်ပါ အသက် ၇ဝ ကျော် အဘိုးအိုတစ်ယောက်သည် အခြားသော ငယ်ရွယ်သူများထက် ဥပဒေကို ပိုမိုလေးစားလိုက်နာသင့်သည်။ ရာဇဝတ်ဘေး ဆိုသည်မှာ ဘယ်တော့မှပြေး၍ မလွတ်နိုင်ပါ။ လွတ်နိုင်လျှင်လည်း တစ်ခဏတာမျှသာ ဖြစ်လိမ့်မည်။ အသိဉာဏ်ရှိရှိ စဉ်းစားဆင်ခြင်သင့်သည်။

ကျိုက်မရောမြို့နယ် တောင်ကလေး အရှေ့စုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ကျောင်းကို မီးရှို့သဖြင့် ဖမ်းဆီးရမိသူများတွင် ချစ်မင်းသူအသက် ၁၃ နှစ်ပါဝင်သည်။ အကြမ်းဖက်အဖျက်သမားတို့သည် စာသင်ကျောင်းကိုလည်း ချမ်းသာမပေး၊ ဖျက်ဆီးသည်။ ကလေးသူငယ်များကိုလည်း ဖျက်ဆီးသည်။

မိုက်ရိုင်းယုတ်မာ အောက်တန်းကျလွန်းသည်။ ပြည်သူတို့၏ သတင်းပေးချက်များအရ အဖျက်သမားတို့ကို ဖမ်းဆီးရမိလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုကို လိုလားသူတိုင်းသည် အဖျက်သမားကို လုံးဝအလိုမရှိကြောင်း သက်သေပြလျက်ရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်၏ အခြေခံမူများ ပုဒ်မ ၆။ (ဃ)စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ (င)နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးဟူ၍ ဖော်ပြပါရှိသည်။ ယင်းလောကပါလ တရားတို့ ထွန်းကားပါမှလည်း ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ အေးချမ်းသာယာ ဖွံ့ဖြိုးမည်ဖြစ်သည်။ လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် တရားဥပဒေ စိုးမိုးရန် အရေးကြီးသကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့မှာ တိုက်ရိုက် ဆက်နွှယ်နေသည်။ တရားဥပဒေစိုးမိုးလျှင် မှုခင်း ကျဆင်းမည်။ တရားဥပဒေမစိုးမိုးလျှင် မှုခင်းကျဆင်းနိုင်မည် မဟုတ်ပါ။

တရားဥပဒေ၏ အနက်အဓိပ္ပာယ်သည် မျှတခြင်း၊ အေးချမ်းခြင်းနှင့် စိုးမိုးခြင်းဟူ၍ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးကို လုံခြုံရေး တပ်ဖွဲ့များက စဉ်ဆက်မပြတ် ဆောင်ရွက်နေပါသည်။ အဖျက်သမား                                       ဆိုသည်မှာ အမှောင်       ထဲတွင် ပုန်းနေသူကဲ့သို့ဖြစ်ပေရာ ချက်ချင်းရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကင်းစင်ရေး ဆောင်ရွက်ရာတွင် တရားစွဲ အဖွဲ့အစည်းများနှင့်အတူ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုက အရေးကြီးပါသည်။ ပြည်သူအားလုံး ပူးပေါင်းပါဝင်ရန်လည်း တာဝန်ရှိသည်။

တရားဥပဒေစိုးမိုးရေး၊ မှုခင်းကင်းစင်ရေးကို နိုင်ငံတော် အစိုးရအနေဖြင့် ထိထိရောက်ရောက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေသူများကို ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူလျက်ရှိသည်။ တရားဥပဒေ ပြဋ္ဌာန်းချက်များဟူသည် ပြည်သူတစ်ဦးချင်းကို လည်းကောင်း၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုလည်းကောင်း ကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပေရာ ပြည်သူများအနေဖြင့်မိမိရပ်ရွာဒေသ အေးချမ်းသာယာရေး အတွက် မိမိတို့မှာတာဝန်ရှိသည်ဟူသော ခံယူချက်ထား ရှိသင့်သည်။

လူတိုင်းကိုယ်စီ အသိ၊ သတိထားရှိကာ အဖျက်သမား မှန်သမျှကိုချေမှုန်းရန်လိုအပ်သည်။ လက်နက်ဖြင့်မချေမှုန်းနိုင်သည်ရှိသော် မိမိတို့စိတ်စွမ်းအင်ဖြင့် ချေမှုန်းသင့်သည်။ စိတ်ဖြင့်ချေမှုန်းခြင်းဆိုရာမှာ သက်ဆိုင်ရာသို့အချိန်နှင့်တစ်ပြေးညီ အဖျက်သမားတို့ သတင်းများပေးပို့ခြင်းဖြစ်သည်။ ပြည်သူတို့ ညီညာနေလျှင် ရပ်ရွာအေးချမ်း သာယာနေမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။     ။