ရိုးရိုးသားသား ကြိုးကြိုးစားစား

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၁၉  ရက်)

မြန်မာ့နိုင်ငံရေးတွင် ဝန်းရံသူများသည် အရေးပါလှသည်။ ဇာတ်လမ်းတစ်ခုတွင် ဇာတ်ပို့သရုပ်ဆောင်နှင့် တူသည်။ ကောင်းအောင်လည်း ပို့နိုင်သလို ပျက်အောင်လည်း ဖျက်နိုင်သည်။ အဖျက်သမားဟု ဆိုရာဝယ် လက်နက်ကိုင်တော်လှန် ပုန်ကန်နေသူများကိုသာ ဦးတည်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံတွင် အဖျက်သမား အမျိုးမျိုးရှိနေသည်။ တချို့က ပါးစပ်ဖြင့်ဖျက်သည်။ တချို့ကစာဖြင့် ဖျက်ကြသည်။ ပါးစပ်ဖြင့် ဖျက်သူများမှာ အာပေါင်အာရင်းသန်သန်ဖြင့် ကြမ်းပိုးကို လိပ်ဖြစ်အောင် လိပ်ကိုကြမ်းပိုးဖြစ်အောင် ပြောဆိုတတ်သူများဖြစ်သည်။

တစ်နည်းဆိုရလျှင် မဟုတ်မမှန်သည့် သတင်းကို ဟုတ်မှန်သယောင် ပြောဆိုထုတ်လွှင့်ခြင်းမျိုး ဖြစ်သည်။

စာဖြင့်ဖျက်သူများမှာ မဟုတ်မမှန်သော လုပ်ကြံစာများ ဖန်တီးရေးသားခြင်းမျိုးဖြစ်သည်။ လူငယ်အများစုမှာ ၂ နှစ်လီ ၄ ဟုဆိုလျှင် စိတ်မဝင်စားကြ။ ၂ နှစ်လီ ၅ ဟုဆိုလျှင် လက်ခုပ်တီးချင်ကြသည်။ ၂ နှစ်လီ ၅ သည် သူတို့မကြားဘူးသော အဖြေဖြစ်သည်။ ထူးဆန်းသည်။ မှန်သည် မမှန်သည်က နောက်ထား ထူးထူးဆန်းဆန်းဆို စိတ်ဝင်စားကြသည်။ လောကကြီး ဆန်းကြယ်ပုံကို ဝင်စတန်ချာချီက''နှစ်နှင့်နှစ်ပေါင်းတိုင်း လေးရတယ်လို့ မမှတ်လေနဲ့။ တစ်ခါတလေ ငါးရနိုင်တယ်။ တစ်ခါတလေလည်း သုံးရတတ်သေးတယ်။ တစ်ခါတလေတော့ ကျောက်သင်ပုန်းကြီး ပြုတ်ကျပြီး အချင်းချင်းရိုက်ကြ၊ နှက်ကြ၊ သတ်ကြ၊ ပုတ်ကြနဲ့ ကသောင်းကနင်း ဖြစ်သွားနိုင်သေးတယ်''ဟူ၍ ဆိုထားသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်ခဲ့သော မြန်မာ့နိုင်ငံရေးကို ပြောပါမည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အတွင်းအုပ်ချုပ်ခဲ့သော အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဘဲ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ အုပ်ချုပ်သော အစိုးရလက်ထက်တွင် လွန်စွာတိုးတက်ခဲ့သည်ဟူ၍ လူငယ်အများစုက မှတ်ထင် ယုံကြည်နေကြသည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း လက်တွေ့မျက်မြင်စိုက်ပျိုးဧကပေါင်း ၁ ဒသမ ၈ သန်း၊ ဆည်တမံ ၂၁၃ ခု၊ မြစ်ရေတင် ၃၇၆ ခု၊ ရထားလမ်း ၁၁၅၉ ဒသမ ဝ၄ မိုင်၊ ဘူတာရုံ ၂၉၃ ရုံ၊ လေယာဉ်ကွင်း ၁၇ ကွင်း၊ ကားလမ်းမိုင် ၅ဝဝ၅ ဒသမ ၃ မိုင်၊ ပေ ၁၈ဝ အထက်တံတားပေါင်း ၁၉၅ စင်း၊ ရေအားလျှပ်စစ်အခု ၃ဝ၊ စက်မှုဇုန်၁၈ ဇုန်၊ အခြေခံပညာကျောင်း ၆၇၇၄ ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် ၃၇ ခု၊ နည်းပညာဆိုင်ရာ တက္ကသိုလ်နှစ်ခု၊ နည်းပညာဆိုင်ရာ ကောလိပ်ကျောင်း ၂၇ ကျောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တစ်ခု၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်တစ်ခု၊ စက်မှုလက်မှုသိပ္ပံကျောင်း ၁ဝ ကျောင်း၊ဆေးရုံပေါင်း ၁၈၈ ရုံ၊ တိုင်းရင်းဆေးရုံ ၁၂ ရုံ၊ ရုပ်သံထပ်ဆင့်လွှင့်ရုံ ၁၆၂ ရုံ အသစ်တည်ဆောက်ခဲ့သည်မှာ ထင်ထင်ရှားရှား မြင်တွေ့နိုင်သည့်အရာများဖြစ်သည်။

ထို့ပြင် နေပြည်တော်မြို့တော်နှင့် ရုံးများ(လွှတ်တော်ရုံးများ အပါအဝင်)သည် ထင်ရှားစွာမြင်တွေ့နိုင်သည့် အရာများပင်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့သစ်၊ ကွက်သစ်များ စာရင်းကား ဖော်ပြ၍ ဆုံးနိုင်မည် မဟုတ်ပေ။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုအတွင်းမှာပင် ဒဂုံမြို့သစ်(ဆိပ်ကမ်း/အရှေ့ပိုင်း/မြောက်ပိုင်း/ တောင်ပိုင်း) မြို့သစ်များ၊ လှိုင်သာယာ(အရှေ့ပိုင်း/ အနောက်ပိုင်း)မြို့သစ်များ၊ ရွှေပေါက်ကံ၊ ရွှေပြည်သာမြို့သစ် စသည်တို့သည် ၁၉၈၈ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း တည်ဆောက်ပေးထားသော မြို့များဖြစ်သည်။ အိုးအိမ်တိုက်တာ မိုးထိမြင့်မား တိုက်ကြီးများသည်လည်း ထိုကာလအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အမှန်တရားကို အမှန်အတိုင်း ပြောမည်ဆိုလျှင် ထိုကာလသည် ပြည်ပနိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားသော ကာလဖြစ်သည်။

ထိုသို့ စီးပွားရေး ပိတ်ဆို့သည့်ကြားမှ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လူတိုင်းမှာ မျှတသော အမြင်ရှိသင့်သည်။ အမှန်ကို အမှန်အတိုင်း ရိုးရိုးသားသား ပြောသင့်ပါသည်။ အထက်တွင်ပြောခဲ့သော အရာများမှာ လက်တွေ့မြေပြင် အမှန်တရားများဖြစ်သည်။ ထိုအမှန်တရားများကို ဖုံးကွယ်လျက် အရင်ကဘာမှ တိုးတက်မှုမရှိဘဲ ၂ဝ၁၅ မှ ၂ဝ၂ဝ ကာလသည် လွန်စွာတိုးတက်ခဲ့သည်ဟု ဆိုလျှင် အမှန်တရားမဟုတ်ပါ။ယနေ့ကျဆုံးသွားသော နိုင်ငံရေးဖြစ်စဉ်များကို လေ့လာသုံးသပ်ကြည့်လျှင် အဖြေမှာ ရိုးသားမှု မရှိခြင်း၊ ရိုးသားမှု မရှိသူတွေ ဝန်းရံနေခြင်းဟူသော အဖြေမှန်တွေ့ရှိရသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် ဇာတ်ဆောင်၊ ဇာတ်ပို့အားလုံး ကောင်းစေချင်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။