လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်

လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဟူသော စကားရပ်၏ အခြေအမြစ်ကိုလေ့လာလျှင် ခေတ်မီပညာတတ်ကျွမ်းပြီး မိမိနိုင်ငံနှင့်လူမျိုးကို ကောင်းကျိုးပြုနိုင်သူများထွန်းကားများပြားလာရေးကို ဦးတည်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတိုးတက်ရေးတွင် တစ်မျိုးသားလုံး ကျန်းမာရေးနှင့်ပညာရည်မြင့်မားရေးလည်းပါဝင်ပေရာဤအချက်သည် လူငယ်မောင်မယ်များနှင့်တိုက်ရိုက်ပတ်သက်နေပါသည်။ လူငယ်တိုင်းကို အသိပညာအတတ်ပညာ တတ်ကျွမ်းစေချင်သည်။ ထို့အတူ အားကစားကိုလေ့လာလိုက်စားပြီး သွက်လက် ထက်မြက်ကာ ကျန်းမာရေးကောင်းသူများဖြစ်စေချင်သည်။

လူငယ်ထုတစ်ရပ်လုံးအတွက် လိုအပ်လျက်ရှိသည်မှာ စဉ်ဆက်မပြတ်ပညာရေးနှင့် စဉ်ဆက်မပြတ် အားကစား လေ့ကျင့်လိုက်စား ရေးတို့ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် မြို့နယ်အလိုက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများဖွင့်လှစ်ပေးထားသည်။ ထိုဌာနများသည် အစိုးရနှင့်ပြည်သူများကို ဆက်သွယ်ပေးသော တံတားသဖွယ်ဖြစ်သည်။ အစိုးရ၏ မူဝါဒများ၊ လှုပ်ရှား ဆောင်ရွက်မှု များကို ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်လုပ်ငန်းများကို စိတ်ရင်းစေတနာမှန်ကန်စွာ ကြိုးပမ်းလုပ်ဆောင် ပေးလျက်ရှိသည့်ဌာနများလည်း ဖြစ်ပေသည်။

လူငယ်များအတွက် စာပေဗဟုသုတဖြန့်ဝေရာ၊ အသိပညာဖြည့်ဆည်းရာ နေရာများလည်း ဖြစ်ပေရာယနေ့လူငယ်များအနေဖြင့် မိမိဘဝကို အမှန်တကယ်တိုးတက်အောင်ကြိုးစားမည်ဆိုလျှင် စာဖတ်ကြရန်ဖြစ်သည်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် အတိုင်း လူငယ်လူရွယ်ဆိုသည်မှာ တိုင်းပြည်အတွက် များစွာအရေးကြီးပါသည်။ နိုင်ငံ၏ အနာဂတ်ကို ကောင်းစွာ တည်ဆောက် နိုင်သည့် အင်အားစုများ ဖြစ်လာရန်လိုပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင်ရှေးယခင်ခေတ်များကတည်းက လူငယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ဥပမာ အားဖြင့် လမ်းစဉ်ပါတီခေတ် ကာလတွင် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်စသည်ဖြင့် အသက်အရွယ်အလိုက်ဖွဲ့စည်းပေးထားပြီး ၎င်းတို့နှင့် သက်ဆိုင်သော သင်တန်းများတက်ရောက်စေခြင်း၊ လေ့လာရေးခရီးများ သွားရောက်စေခြင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်စေကာ လူငယ်တို့၏ အရည်အသွေးကို မြင့်မားစေခဲ့သည်။ ထိုလူငယ်များစွာထဲက ဘက်စုံထူးချွန်သူများကို လူရည်ချွန်အဖြစ် ရွေးချယ်မြှောက်စားခဲ့သည်မှာ အစဉ်အလာကောင်းတစ်ခုဖြစ်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင် နိုင်ရေးနှင့်ပတ်သက်၍ အခါအားလျော်စွာ လမ်းညွှန်မှုပေးလျက်ရှိသည်။ အထူးသဖြင့် လူငယ်များ သွက်လက်လျင်မြန် ကျန်းမာရေး အတွက် မြို့တိုင်း၊ ရပ်ကွက်တိုင်းတွင် အားကစားကွင်းများကို အဆင့်မီမီပြုပြင်တည်ဆောက်ပေးလျက်ရှိသည်။ လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ရေးအတွက် ယခုအိမ်စောင့်အစိုးရလက်ထက်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

မျိုးဆက်သစ်လူငယ်များ အားကစားကိုအခြေခံချစ်မြတ်နိုးသည့်စိတ်ဖြင့် ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်ရေး၊ ပညာသင်ကြား ခွင့်အခွင့်အလမ်းများရရှိပြီး မှန်ကန်သောအသိအမြင် အတွေးအခေါ်များရရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ပေး လျက်ရှိပါသည်။ လူငယ်များတွင် လိုအပ်နေသည်မှာ ကောင်းမွန်သောပတ်ဝန်းကျင်ဖြစ်သည်။ ပတ်ဝန်းကျင်ကောင်းလျှင် လိမ္မာသော လူငယ်များပေါ်ထွန်းမည်။ ပတ်ဝန်းကျင်မကောင်းလျှင် ဆိုးသွမ်းသောလူငယ်များပေါ်လာပေလိမ့်မည်။ ယနေ့အချိန်အခါတွင် လမ်းမှားသို့ ရောက်သွားသောလူငယ်များသည် ပတ်ဝန်းကျင်ဆိုးကြောင့် ဆိုးသွမ်းသောလူငယ်များအဖြစ် ရောက်ရှိသွားကြခြင်း ဖြစ်သည်။ အကြောင်းအကျိုး၊ အဆိုးအကောင်းကိုနားလည်သဘောပေါက်လျှင် ထိုလူငယ်များ အနေဖြင့် လမ်းမှားရောက်သွားရန် အကြောင်းမရှိပေ။

တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်၏ မျှော်လင့်ချက်ဖြစ်သည့် လူငယ်လူရွယ်များကို တိုင်းပြည်ချစ်စိတ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသည့်စိတ် ရှင်သန်နိုးကြားတက်ကြွနေစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ထာဝစဉ် ကိန်းအောင်းနေစေရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် မီဒီယာများက နည်းလမ်းပေါင်းစုံကိုအသုံးပြု၍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံပိုင်မီဒီယာများတွင်လည်း လူငယ်ကဏ္ဍနှင့်ပတ်သက်၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ပေး လျက်ရှိသည်။ ယခုအခါဒေသအလိုက်လူထုအခြေပြုဗဟိုဌာနများကို ဖွင့်လှစ်လျက်ရှိပြီး ကွန်ပျူတာသင်တန်းများ၊ ဘာသာစကား ပြောသင်တန်းများ၊ ကိုယ်ကာယလေ့ကျင့်သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များတိုးမြှင့် ဆောင်ရွက်ပေးခြင်းဖြင့် လူငယ် လူရွယ်တို့၏ အနာဂတ်ကောင်းမွန်ရေးကို ဆောင်ရွက်နေပေရာ လူငယ်လူရွယ်တိုင်းအတွက် အခွင့်အလမ်းကောင်းများအဖြစ် ညွှန်းဆို ရေးသားလိုက်ရပေသည်။    ။