သစ်ပင်စိုက်တာပျော်စရာ ထာဝရကုသိုလ်ပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၁၅  ရက်)

မိမိတို့ဘဝတွင် ပျော်စရာ၊ ကြည်နူးစရာ အကောင်းဆုံးမှာ မိမိစိုက်ပျိုးလိုက်သော သစ်ပင်ပန်းမန် ရှင်သန် ကြီးထွားနေသည်ကို မြင်တွေ့နေရခြင်းဖြစ်သည်။ ထိုပီတိမျိုးသည် သစ်ပင်ပန်းမန် ချစ်ခင်တတ်သူများတွင် ခံစားရသော ပီတိတစ်မျိုးဖြစ်သည်။လွင်တီးခေါင်ပြင်တွင် နေထိုင်ရခြင်းထက် သစ်ပင် အုပ်အုပ် ဆိုင်းဆိုင်း စိမ်းစိမ်းမြမြနှင့် နေထိုင်ရခြင်းကို လူတိုင်းပိုမို နှစ်သက်ကြသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လူသားတိုင်းကို ကောင်းကျိုးပြုသည်ချည်းဖြစ်သည်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည်ဟူ၍ ဆိုစကားရှိပေရာ အသုံးမဝင်သော သစ်ပင်ဟူ၍  တစ်ပင်မျှမရှိကြောင်း သမားတော် အဆက်ဆက် မှတ်တမ်းပြုထားပါသည်။

မိုးရာသီသို့ရောက်လာသည်နှင့် မြန်မာနိုင်ငံ နေရာအနှံ့တွင် သစ်ပင်များ စိုက်ပျိုးကြသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမှသည် အဖွဲ့အစည်းအလိုက်၊ ဝန်ကြီးဌာနများ အလိုက် စိုက်ပျိုးကြသည်မှာ ပျော်စရာကောင်း၍ ကုသိုလ်လည်းတိုးပွားပါသည်။ အမြဲတမ်း ကုသိုလ်ဖြစ်နေသော ဒါနခြောက်မျိုးကို ထာဝရပုည- ထာဝရကုသိုလ် ဟုခေါ်ကြောင်း ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓာန်တွင် ဖော်ပြထားပါသည်။ ထိုကုသိုလ်ခြောက်မျိုးမှာ အာရာမရောပဒါန-ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ် စိုက်ပျိုးလှူဒါန်းခြင်း၊ ဝနရောပဒါန- အရိပ်ရပင်၊ စားသုံးပင်များ စိုက်ပျိုးလှူဒါန်းခြင်း၊ သေတုကာရကဒါန-တံတားခင်း၊ လမ်းဖောက်၍ လှူဒါန်းခြင်း၊ ပပါဒါန- ရေချမ်းစင် တည်၍လှူဒါန်းခြင်း၊ ဥဒါပါနဒါန- ရေတွင်း၊ ရေကန်၊ ရေမြောင်းတူး၍ လှူဒါန်းခြင်း၊ ဥပဿယဒါန- ကျောင်းကန်၊ အဆောက်အအုံ လှူဒါန်းခြင်းတို့ဖြစ်သည်။

ရှေးက မြန်မာလူမျိုးကြီးများ အဆက်ဆက်သည် ထိုထာဝရကုသိုလ်များ ပြုခဲ့ကြသည်။ ယနေ့ခေတ် မြန်မာများသည်လည်း ထိုကုသိုလ်ကို ဆက်လက်ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် နောင်မျိုးဆက်သစ် အဆက်ဆက်တို့ အတွက်ဖြစ်သည်။ အစဉ်အလာကောင်းသော အမွေအနှစ်ဖြစ်သည်။

မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် မြေဆီစိုခိုက် သစ်ပင်စိုက်ရန် ဆောင်ရွက်နေကြသည်။ ထာဝရကုသိုလ်အတွက် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် သစ်ပင်များ စိုက်ရသည်မှာ ပျော်ရွှင်ဖွယ်ဖြစ်သည်။ နှစ်စဉ်သစ်ပင် စိုက်နေသကဲ့သို့ စိုက်သောအပင်များသည်လည်း ရှင်သန်အောင်ပြုစုကြရမည်ဖြစ်သည်။ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း ဟူသောဆောင်ပုဒ်များနှင့် ရှင်သန်ရေးသည်လည်း အဓိကဖြစ်သည်။

ထိုသို့သစ်ပင် စိုက်ပျိုးခြင်းဖြင့် သစ်ပင်သစ်တော ထူထပ်သောနေရာဒေသများသည် ရာသီဥတု ကောင်းမွန် လာပြီဖြစ်သည်။ လက်တွေ့အမြင်သာဆုံး ဖြစ်ရပ်မှန်ကို ဖော်ပြရလျှင် လက်ရှိနေပြည်တော် တည်ရာဒေသသည် ယခင်က မိုးနည်းရပ်ဝန်း ဖြစ်ခဲ့သည်။ မိုးရေချိန်ရရှိမှု လျော့နည်းခဲ့သည်။ ယခုအခါနေပြည်တော် တစ်ဝိုက်တွင် သစ်ပင်ထူထပ်စွာ စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် မိုးရွာသွန်းမှု များပြားလာနေပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလတွင် စုပေါင်းသစ်ပင်စိုက်ပွဲများ ဆင်နွှဲကာ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးပြီး အပင်များ ရှင်သန်အောင်လည်း ပြုစုစောင့်ရှောက်ခဲ့ကြသည်။ မိုးလေမှန်၍ ရာသီဥတု မျှတလျက်ရှိနေသည်။ အခြားသော သစ်ပင်စိုက်ပျိုးရာ နေရာတိုင်းသည်လည်း ထိုနည်းလည်းကောင်း ဖြစ်နေမည်မှာ သေချာပါသည်။

ဥတုရာသီ တောကိုမှီ၏ ဆိုသည့်အတိုင်း သစ်ပင်သစ်တောများက တုံ့ပြန်သော ကောင်းကျိုးများကား များပြားလှသည်။ ပထမဆုံးသည်ကား အေးမြသော သစ်ပင်အရိပ် ရရှိခြင်းဖြစ်သည်။ နေပူပူတွင် ခရီးသွားနေသူအတွက် သစ်ပင်တစ်ပင်ကို မြင်တွေ့လိုက်ရခြင်းသည် နားခိုဖွယ်ရာ အရိပ်ကောင်းကို တွေ့လိုက်ရခြင်းဖြစ် သည်။ သစ်ပင်များစွာ စိုက်ပျိုးထားခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးသည်။ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည်။ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးသည်။ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝ စေသည်။

ယနေ့ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများမှာ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ဆုံးရှုံးခြင်းတို့ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး၊ ဘေးရောဂါ အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့လျက် ရှိနေသည်။ ထိုဘေးအန္တရာယ် အမျိုးမျိုးမဖြစ်ရေးအတွက် ဖြေရှင်းရန် အကောင်းဆုံးနည်းမှာ သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းဖြစ်သည်။ သဘာဝတောများနှင့် သစ်တောစိုက်ခင်းများသည် လူသားတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါနေပြီဖြစ်သည်။

ယခုအခါ မြို့နယ်အသီးသီးရှိ သစ်တောဦးစီးဌာန သစ်တောပျိုး ဥယျာဉ်များတွင် လူထုဖြန့် ပျိုးပင်များကို စနစ်တကျ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် မည်သူ့ကိုမဆို၊ မည်သည့်အဖွဲ့ အစည်းကိုမဆို ဖြန့်ဖြူးပေးနေသည်။ ယခုနှစ်တွင် တစ်ပင်စိုက်၊ တစ်ပင်ရှင်ပြီး အပင်ရှင်သန်မှု ရာခိုင်နှုန်းမြင့်မားစေရန် ပျိုးသက်နှစ်နှစ်ခန့် ရှိပြီး အမြင့်နှစ်ပေရှိသော ကျန်းမာကြံ့ခိုင်သည့် ပျိုးပင်များသာ စိုက်ပျိုးမည်ဖြစ်သည်။ ၂ဝ၂၁ ခုနှစ် မိုးရာသီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးရေး စီမံချက်(Green Environ-ment Campaign-2021)အရ ပျိုးပင်ပေါင်း ၃၆ ဒသမ ၂၆ သန်း စိုက်ပျိုးသွားမည်ဖြစ်ရာ သစ်ပင်စိုက်တာ ပျော်စရာ ထာဝရကုသိုလ်ပါဟူ၍ နှိုးဆော် ရေးသားလိုက်ရပေသည်။   ။