သတင်းအဆိပ်များနှင့် လူသားတို့အသက်

သတင်းအမှားကိုပညာရှင်များကအဆိပ်ဟု နှိုင်းယှဉ်ရေးသားဖော်ပြလေ့ရှိသည်။ အဆိပ် ဆိုသည်မှာစားသောက်ရှူရှိုက်ထိခိုက်မိလျှင် အသက်အန္တရာယ်ဖြစ်စေတတ်သောအရာဟူ၍လည်းကောင်း၊ အဆိပ်တက်ဆိုသည်ကိုအဆိပ်ကြောင့် မူးခြင်း၊ မေ့ခြင်းစသော ဝေဒနာများ ဖြစ်ပေါ်ခြင်းဟူ၍လည်းကောင်း၊ အဆိပ်တောက်ဆိုသည်ကို မူးယစ်တွေဝေသေစေတတ်သောအရာဟူ၍လည်းကောင်း မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားပါသည်။ သာမန်အဆိပ်ထက်ပြင်းထန်သည်ကား  သတင်းအဆိပ်ဟုဆိုချင်သည်။ သာမန်အဆိပ်မှာ လူတစ်ဦးတစ်ယောက်ကိုသာ သေစေနိုင်သော်လည်း သတင်းအမှားအဆိပ်သည်ကား လူများစွာကိုသေစေပါသည်။ သေစေနိုင်သော လမ်းကြောင်းကို ရောက်စေပါသည်။

သတင်းအမှားကိုရှောင်ကြဉ်၍ သတင်းအမှန်သိဖို့သည် လွန်စွာအရေးကြီးလှသည်။ သတင်းအမှန်သိရှိရန်မှာ နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းများ၊ သတင်းစာများကိုနားထောင်ဖတ်ရှုကြပါရန်တိုက်တွန်းလိုပေသည်။ အထူးသဖြင့် လူတိုင်းအတွက် အရေးကြီးသည်မှာ ကျန်းမာရေးဖြစ်သည်။ မိမိကျန်းမာရေးအတွက်သတင်းအမှန်သိရှိဖို့ လွန်စွာအရေးကြီးလှပါသည်။ သတင်းအမှန် ကိုသိရှိမှသာ မိမိအသက်ကိုမိမိ စောင့်ရှောက်နိုင်သူဖြစ်ပါလိမ့်မည်။ အသက်ကိုဉာဏ်စောင့်ဆိုစကားမှာ ဉာဏ်ကိုလွှာသုံး၍ စဉ်းစား ဆင်ခြင်လုပ်ကိုင်ဆောင်ရွက်မှသာ သက်ရှည်ကျန်းမာမည်ဟု ဆိုလိုရင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လက်ရှိအနေအထားမှာ သတ်မှတ်ထားသည့်လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးရေးဖြစ်ပါသည်။ ကာကွယ် ဆေး ထိုးထားခြင်းက ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်နှိမ်နင်းရန် အကောင်းဆုံး လက်နက်တစ်ခုဖြစ်သည့်အတွက် အမြန်ဆုံး ကာကွယ်ဆေးထိုးနှံဖို့ နိုင်ငံတော်အစိုးရက အဘက်ဘက်က ဆောင်ရွက်နေပါသည်။ ပုဂ္ဂလိက ကဏ္ဍကလည်း ပူးပေါင်း ဆောင်ရွက်နေပါသည်။

ကာကွယ်ဆေးထိုးရမည့်သူတိုင်း မဖြစ်မနေ ပါဝင်ထိုးနှံထားခြင်းဖြင့် ရောဂါကင်းကာအသက်ရှည်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် လက်ရှိ ထိုးနှံပေးနေသောကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့် ပေးထားသော ကာကွယ် ဆေးဖြစ်ပါသည်။ ကာကွယ်ဆေး၏ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှုမှာအံ့မခန်းတွေ့မြင်ရသည်။ ကာကွယ်ဆေးများက ရောဂါ လက္ခဏာပြသော ရောဂါပိုးကူးစက်မှုမှ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကာကွယ်ပေးသည်။ ဒယ်တာဗိုင်းရပ်အပါအဝင် အခြားမျိုးဗီဇကွဲများကိုလည်း ၆၀ ရာခိုင်နှုန်းနှင့်အထက်ကာကွယ်နိုင်သည်။ ဆေးရုံတက်ရောက်ရမှု၊ ပြင်းထန်စွာခံစားရမှု၊ အထူးကြပ် မတ်ကုသဆောင်(ICU)သို့ရောက်ရှိမှု၊ သေဆုံးမှုစသည်များကို ၉၀ ရာခိုင်နှုန်းကျော်ကာကွယ်ပေးသောကြောင့် ထိုးနှံသင့် သော ကာကွယ်ဆေးဖြစ်ကြောင်း ပညာရှင်များက တိုက်တွန်းထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို သတင်းမီဒီယာများတွင် ဖော်ပြပေးနေပါသည်။ ထိုသို့လုပ်ဆောင်ပေးသည်မှာ ပြည်သူများကျန်းမာရေးအသိ မှန်ကန်ရေးအတွက်ဖြစ်သည်။ သတင်းအမှားများနှင့်ပတ်သက်၍ ဆွေးနွေးချက်တစ်ခုတွင် “သတင်းအမှားတွေက ဗိုင်းရပ်လိုပဲ ကြောက်စရာကောင်းပါတယ်။ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့    SARS -CoV ဗိုင်းရပ်ကို နှိမ်နင်းနေရတဲ့အချိန်မှာ တစ်ဖက်ကလည်း သတင်းအမှားတွေကိုနှိမ်နင်းနေရရင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကို များစွာနှောင့်နှေးသွားစေနိုင်ပါတယ်။ အချိန်လည်းပိုယူရနိုင်ပါတယ်။ ဘယ်မှာကာကွယ်ဆေးထိုးပြီးလို့ သေသွား တယ်ဆိုတဲ့ သတင်းအမှားတွေထုတ်လွှင့်တာလည်းရှိပါတယ်။ ဒါလည်းမဟုတ်ပါဘူး။ ဒုတိယလှိုင်းမှာ ကာကွယ်ဆေး ၃ ဒသမ ၅ သန်း ထိုးတုန်းကလည်းမရှိခဲ့ဘူး။ ယခုလက်ရှိလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် ကာကွယ်ဆေးထိုးခြင်းသည်သာ ကိုယ်ခံအားရရှိစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးကြပါ။ ပုဂ္ဂလိက ကဏ္ဍကလည်း ကာကွယ်ဆေး တွေကိုတင်သွင်းဖြန့်ချိတဲ့အခါ သတ်မှတ်စည်းကမ်းအတိုင်းတင်သွင်းဖြန့်ချိပြီးအကျိုးရှိတဲ့၊ အာနိသင်ကောင်းမွန်တဲ့ကာကွယ်ဆေး တွေကိုသာ ပြည်သူတွေထိုးနှံပေးကြပါ” ဟူ၍ ဆွေးနွေးသွားသည်။

အဖျက်သမားတို့သည် မည်သို့သောသတင်းအမှားများဖြင့် ဖျက်ရမည်ကို အစဉ်တွေးကာလုပ်ဆောင်နေသူများဖြစ်သည်။ ကာကွယ် ဆေးနှင့် ပတ်သက်၍လည်း ဒုတိယလှိုင်းမှာ ကာကွယ်ဆေးတွေရဲ့ အအေးလမ်းကြောင်းတွေကို ဖျက်ဆီးလိုက်ပြီ။ ဒီကာကွယ် ဆေးတွေကို ထိုးနံှပေးရင်လည်း ထိရောက်တော့မှာမဟုတ်ကြောင်းသတင်းအမှားဖြန့့်သည်။ တချို့က ယုံကြည်ကာသူတို့၏ မိဘများကို ကာကွယ်ဆေးထိုးနှံမပေးဘဲနေခဲ့သည်။ ယခု ကိုဗစ်-၁၉ တတိယလှိုင်းမှာ ရောဂါခံစားပြီးသေဆုံးကြရသည်။ ထိုအခါမှသာ သူတို့မိဘတွေသတင်းအမှားအဆိပ်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောဆိုသံများကြားလာရသည်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသော မိဘ၊ ဘိုးဘွားများ ကာကွယ်ဆေးထိုးထားလျက်နှင့် သေဆုံးရသည်ဟူသော သတင်းများ လုံးဝမရှိပါ။ ဆိုရှယ်မီဒီယာများတွင် မတွေ့ရပါ။ တစ်ခုသတိပြုသင့်သည်မှာ နိုင်ငံတော်အစိုးရမှထိုးပေးနေသော ကာကွယ်ဆေးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တင်သွင်းခွင့်ပြုထားပြီး FDA မှ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကာကွယ်ဆေး များကိုသာ ထိုးနှံကြရန်ဖြစ်ပါသည်။

အနှစ်ချုပ်ရသော် သတင်းအမှားအဆိပ်ကြောင့် လူသားတို့အသက်အဆုံးရှုံးမခံရရေးအတွက် အသိ၊ သတိဖြင့် ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။     ။