သဘာဝဘေးအောင်မြင်စွာကျော်လွှားရေး

ယမန်နှစ်ဇူလိုင်လအတွင်းက မိုးလေဝသဖြစ်စဉ်နှင့်သဘာဝဘေးဖြစ်ပွားမှုများကို ပြန်လည်လေ့လာကြည့်သောအခါ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကပ်လျက်နိုင်ငံတွင် သဘာဝဘေးကြုံတွေ့လျှင် မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့ရသည်။ ယမန်နှစ်ဇူလိုင်လက တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့်ဂျပန်နိုင်ငံတို့တွင် ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများဖြစ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၌ အဆိုးဆုံး ရေကြီးမှု ကြုံတွေ့ရဦးမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက သတိပေးထားကြောင်း သတင်းတစ်ပုဒ်ကို ဗန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည်။ ဂျပန်အစိုးရအနေဖြင့် ရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများဖြစ်ပွားသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံထောက်ပံ့မည်ဟု ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက် တွင် ပြောကြားကြောင်း စီအင်န်အေ သတင်းတွင်ဖော်ပြထားသည်။

ထိုသတင်းပေါ်ထွက်လာပြီးမကြာမီ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဇူလိုင် ၁၂ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့တွင်းရပ်ကွက်အချို့တွင် ရေဝင်လာကြောင်း၊ ဒေသခံပြည်သူများရေဘေးကင်းရာသို့ရွှေ့ပြောင်းကြရကြောင်း၊ ကယ်ဆယ်ရေးစခန်းကိုးခုဖွင့်လှစ်ထားပြီး လူပေါင်း ၅၅၇ ဦးလက်ခံထားကြောင်း သတင်းကြားသိလိုက်ရသည်။ ဤအခြေအနေ သတင်းများမှာ ယမန်နှစ်က သဘာဝဘေးကြုံတွေ့ခဲ့ရသော သတင်းဖြစ်သည်။ အသိပေးချင်သည်မှာ မိမိနိုင်ငံနှင့်နယ်စပ်ချင်း ဆက်စပ်နေသောဒေသများတွင် နေထိုင်သူများအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံ၏ သဘာဝဘေးဖြစ်ပွားမှုသတင်းကိုလည်း သိထားရန် လိုအပ်ကြောင်း အသိပေးလိုခြင်းဖြစ်သည်။

ယခုနှစ်တွင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်၌ ဇူလိုင် ၉ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်း သည့်အတွက် မြစ် ၁၄ စင်း၏ စိုးရိမ်ရေမှတ်မြင့်တက်နေကြောင်း၊ လှေများ၊တံတားများရေစီးနှင့်အတူ မျောပါသွားပြီး ဒေသခံ ၄၆၀၀ ကျော်မှာ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြောင်း၊မိုးသည်းထန်မှုနှင့်ရေလွှမ်းမိုးမှုများကြောင့် ပြည်သူတစ်သိန်းကျော် ရေဘေးသင့်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ယွမ် ၁၇၆ သန်းရှိကြောင်း သတင်းကြားသိရသည်။

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့နယ်အတွင်း ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်  ခမောက်ကြီးမြို့အနီး ဘုတ်ပြင်း-ကော့သောင်းသွားကားလမ်းပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၃၇) နှင့် (၂၃၈) ကြားရှိ ကတ္တရာကားလမ်းအရှည် ၄ ဖာလုံခန့်နေရာအား ခမောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ကားလမ်းရေ ကျော်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါနေရာသို့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  ခမောက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များသွားလာမှုအဆင်ပြေစေရေးနှင့် အန္တရာယ်မဖြစ်စေ ရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင်ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ အိမ်ခြေ ၆၂ လုံးခန့်တွင် ရေဝင်လာသည့်အတွက် ရေဘေးလွတ်ရာဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျရောက်လေ့ရှိသော သဘာဝဘေးအန္တရာယ်တွင် ရေကြီးရေလျှံဖြစ်ခြင်းတစ်ခုပါဝင်သည်။ ရေသည် လူသားတို့အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ မရှိမဖြစ်ရေသည် လိုအပ်သည်ထက်ပိုမိုလာလျှင် လူသားတို့အတွက် အန္တရာယ် တစ်ခုအဖြစ်သို့ရောက်ရှိသွားတတ်သည်။ မိုးများလွန်းလျှင်လည်း ရေကြီးသည်။ မြစ်ရေချောင်းရေ တောင်ကျရေများ လွန်းလျှင်လည်း ရေကြီးလေ့ရှိသည်။မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်၊ သြဂုတ်လတို့တွင် ရေဘေးအန္တရာယ်နှင့်ကြုံတွေ့လေ့ရှိပါသည်။ လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်လေသည်။ လျှပ်တစ်ပြက်ရေကြီး ခြင်းမျိုး ကြုံလာလျှင် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါးလှသည်။ အထူးသဖြင့် ညအချိန်တွင် ပိုမိုဂရုပြုနေထိုင်သင့်ပါသည်။

လူတို့သည်အသက်ရှင်နေသမျှကာလပတ်လုံး သတိတရားလက်ကိုင်ထားကာ နေထိုင်ကြရမည်။ သတိတရားရှိနေသူအတွက်  ဘေး အန္တရာယ်ကိုအောင်မြင်စွာ  ကျော်ဖြတ်နိုင်ပါသည်။  မိသားစုအရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် ဆုံရပ်ကို ကြိုတင် သတ်မှတ်ထားသင့်သည်။ အရေးပေါ်အသင့်စားအစားအစာများ၊ ဆေးဝါး၊ သောက်ရေ၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရန်သင့်ဆောင်ထားရန်လိုအပ်သည်။

အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ အရေးကြီးဆုံးအချက်မှာ နေ့စဉ်ထုတ်လွှင့်ပေးနေသည့် မိုးလေဝသသတင်းများကို နားထောင်ပါ။ ထို့ပြင် မိမိနိုင်ငံနှင့်ကပ်လျက်ရှိသော နိုင်ငံများ၏ မိုးလေဝသသတင်းများကိုလည်း နားစွင့်ကြပါဟူ၍ အကြံပေးရေးသားလိုက်ရပေသည်။    ။