သဘာဝဘေး ကြိုတင်ကာကွယ်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ   ၃၁  ရက်)

သဘာဝဘေးအန္တရာယ် ဆိုသည်မှာ အချိန်အခါမရွေး ပေါ်ပေါက်လာတတ်သဖြင့် လူသားတို့အနေဖြင့် အသိနှင့်သတိထားကာ စဉ်ဆက်မပြတ် စောင့်ကြည့်ရမည်သာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် ဟူသောစကားကဲ့သို့ပင် ကြိုတင် ကာကွယ်ထားမှသာ ပျက်စီးဆုံးရှုံးမှု သက်သာပေလိမ့်မည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်သဘာဝ ဘေးအန္တရာယ် ကြုံတွေ့လျက်ရှိသည်။ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းတက်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ခြင်း၊ မိုးခေါင်ခြင်း၊ မီးလောင်မှုဖြစ်ပွားခြင်း၊ တောမီးလောင်ခြင်း စသည့် ဘေးအန္တရာယ်များ ကြုံတွေ့နေရသည်။ နိုင်ငံအတွင်း မည်သည့် ဘေးအန္တရာယ်မဆိုကြုံတွေ့လျှင် အချိန်နှင့်တစ်ပြေးညီ ရောက်လာသည်မှာ တပ်မတော်ဖြစ်သည်။ တပ်မတော်သည် စနစ်တကျ ဖွဲ့စည်းထားပြီး ပြည်သူလူထုအတွက် အမြဲအသင့်ရှိနေသည်။

ဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အသက်ရှင် ကျန်ရစ်သူတိုင်း ရှင်သန် ရပ်တည်နိုင်ရမည် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ တပ်မတော်က အလေးထား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရမည့် အသိတရားသည် တပ်မတော်သားတိုင်း၏ ရင်ထဲတွင်ရှိနေသည်။ တပ်မတော်အနေဖြင့် ၂ဝ၁၆ ခုနှစ်ကပင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက နိုင်ငံတော် အစိုးရအား ကူညီပံ့ပိုးရန် ကူညီကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားရှိသည်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်အတိုင်း ဖွဲ့စည်းမှု၊ လေ့ကျင့်မှုနှင့် ကယ်ဆယ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားသည့် အတွက် သဘာဝဘေး ကျရောက်သည့် နေရာတိုင်းသို့ အချိန်မဆိုင်း ရောက်ရှိကူညီ ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ၂ဝ၂၁ ခုနှစ် မေ ၂ဝ ရက်တွင်ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ''မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိပြီး နှစ်စဉ်သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဘီလီယံနှင့်ချီရှိကြောင်း၊ လက်ရှိရာသီဥတု အခြေအနေအရ မုန်တိုင်းနှင့် မိုးသက်လေပြင်းများ ကျရောက်မည့် အနေအထားများ ရှိနေကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာ အလိုက် မိမိတို့ဌာန အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် ဒေသအလိုက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားကြရန်လိုကြောင်း၊ မကြာမီ မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာမြို့နယ်များ အလိုက် တံတားများနှင့် ရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုှုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ ကျခံသုံးစွဲနေရကြောင်း၊ ထို့အတူ လူ၏ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံ ဆောင်ရွက်သွားကြရန် လိုကြောင်း'' ပြောကြားခဲ့သည်။

နိုင်ငံတိုင်းတွင် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသည်မှာ သဘာဝ ဘေးအန္တရာယ်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသော အကြောင်းများကို လေ့လာလျှင် သစ်ပင်၊ သစ်တောများ အလွန်အကျွံခုတ်ယူကြခြင်း၊ တောများပြုန်းတီးလာခြင်း၊ သစ်တောများတွင် တောမီးလောင်ခြင်းတို့ကြောင့် ကမ္ဘာကြီး ပူနွေးလာသည်။

ထိုမှတစ်ဆင့် ရာသီဥတု ဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ် ကျရောက်လာခြင်းဖြစ်သည်။ ကမ္ဘာတွင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ၁ဝ နှစ်တာကာလအတွင်း နှစ်စဉ်ဘေးအန္တရာယ် ဖြစ်ပွားမှုအကြိမ် ၃ဝဝကျော် ဖြစ်ပွားလျက်ရှိသည်။ သေဆုံးသူအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၅ဝဝဝ ဦးခန့်ရှိနေသည်။ ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ ဘီလီယံ ၁၇ဝ ကျော်ခန့်ဆုံးရှုံးမှု ရှိနေကြောင်းလေ့လာသိရှိရသည်။

ယခုအခါ  မြန်မာနိုင်ငံတွင်  မုတ်သုံဝင်ရောက်လာပြီ ဖြစ်သည့်အတွက်   လေပြင်းတိုက်ခြင်း၊   မုန်တိုင်းတိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့မှ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင် ကာကွယ်မှုဖြင့်   အနိုင်ယူရမည်ဖြစ်သည်။  အမျိုးသားအဆင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အပိုင်း(၃)ပိုင်းဖြင့် ဖြေရှင်းရန်စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ပထမပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယပိုင်းမှာ ချက်ချင်းကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တတိယပိုင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်အရေးကြီး အပိုင်းတို့ကိုလည်း တွဲဖက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူလူထုများ အနေဖြင့် သဘာဝဘေးအန္တရာယ်ကို ကြိုမြော်တွေး၍ ကြိုတင်ကာကွယ်မှုဖြင့် အနိုင်ယူကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။  ။