သဘာဝ ပတ်ဝန်းကျင်နှင့် အမျိုးသားရေး တာဝန်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၁ဝ  ရက်)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု သတ္တမအများဆုံး နိုင်ငံဖြစ်ပြီး အာရှတွင် ဒီရေတောပေါက်ရောက်မှု တတိယ အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒီရေရောက် သစ်တောများသည် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ဧရိယာ၏ ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အထောက်အကူပြုလျက် ရှိသည်။ မြန်မာလူမျိုးတို့သည် သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးကြပြီး သစ်တောထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် သစ်ပင်ကို နှစ်စဉ်စိုက်ခဲ့သည်။

လူသားများရှင်သန်ရပ်တည်မှုတွင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ရန် လိုအပ်သည်။

ပတ်ဝန်းကျင်ရေရှည် တည်တံ့ရန်မှာ ဂေဟစနစ် ကောင်းမွန်နေရပေမည်။ မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ''မိမိတို့မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလေးထား ဆောင်ရွက်နေမှုကို အကျဉ်းမျှ တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) အခန်း ၁ နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု လည်းကောင်း၊ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၉ဝ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်ဟု ဖော်ပြထားသည့် ကိစ္စရပ်များ၌ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုသည့်အချက်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ဆိုလိုသည်မှာ မိမိတို့မြန်မာနိုင်ငံသားများသည် တစ်ဦးချင်း အနေဖြင့်သာမက တစ်နိုင်ငံလုံး အနေဖြင့်ပါ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို လုပ်ဆောင်နေရန် လိုအပ်ပါကြောင်း'' အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ထိရောက်စွာ အထောက်အပံ့ပေးနိုင်သည်မှာ ကောင်းမွန်သည့် ဂေဟစနစ်များနှင့် သဘာဝပတ်ဝန်းကျင်များ ရေရှည်တည်တံ့ရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် မြောက်ဘက်ဒေသ ရေခဲတောင်များမှ တောင်ဘက်ကမ်းရိုးတန်း ဒေသများအထိ မတူကွဲပြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတများ လျော့နည်းခြင်း မရှိအောင် ထိန်းသိမ်းမှသာ ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးမည်ဖြစ်သည်။ သို့မဟုတ်ပါက မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာများ ပျက်စီးယိုယွင်းခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်း၊ တောင်ပေါ်ဒေသ မြေဆီလွှာများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း စသည့်ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများ အသက်ရှင်ရပ်တည်ရေး အတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပေမည်။

မြန်မာနိုင်ငံအနေဖြင့် သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်ရေး အတွက် ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃ဝ ရာခိုင်နှုန်းကို သဘာဝကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၆၁ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ အဖြစ်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး သဘာဝနယ်မြေများ ဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁ဝ ရာခိုင်နှုန်းရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် ၆ ဒသမ ဝ၈ ရာခိုင်နှုန်းကို လည်းကောင်း ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

လူသားတို့နေထိုင်သော ပတ်ဝန်းကျင် သာယာရေးမှာ လူသားတိုင်း၏ တာဝန်သာဖြစ်ပေသည်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များအရ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရမှုလျော့ပါး သက်သာစေရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ''တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၏''၊ ''ဥတုရာသီ တောကိုမှီ၏''၊''ပူနွေးကမ္ဘာ တားဆီးရာ၊ ဖြေရှာတစ်ခုတောပြုစု''၊ ''သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏''ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို အလေးထားကာ သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။        ။