သာသနာ့ အဆောက်အအုံ အခြေခံအုတ်မြစ်ခိုင်မြဲရေး

တိုင်းပြည်တစ်ပြည် သို့မဟုတ် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ကြည့်ရှုအကဲခတ်ပါက သက်ဆိုင်ရာဘာသာတရားများက ယင်းတိုင်းပြည်နှင့်လူမျိုးကို လွှမ်းခြုံထိန်းသိမ်းထားသည်ကို တွေ့ရပါမည်။ မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်းများသည် ပရိယတ္တိဓမ္မကို အခြေခံသည်။ ပရိယတ္တိဓမ္ မပျောက်ခဲ့သော် မြန်မာတို့၏ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေဓလေ့ထုံးတမ်းများလည်း ပျောက်ပျက်မည်သာ ဖြစ်ပေသည်။ ထိုအချက်ကို နိုင်ငံခေါင်းဆောင်များက သိရှိသဖြင့် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲများကို ကျင်းပပေးနေခြင်း ဖြစ်သည်။

တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်ကို ဦးဆောင်တာဝန်ယူခဲ့စဉ် စာအောင်သံဃာတော်များအတွက် ဆုတော်ငွေကို တိုးမြှင့်ဆက်ကပ်လှူဒါန်းခဲ့သည်။  တိပိဋကဓရစာမေးပွဲနှင့် နိကာယ်စာမေးပွဲများ၊ လူအများအတွက် ဝိသုဒ္ဓိမဂ်နှင့် အဘိဓမ္မာ စာမေးပွဲများ၊ ကလေးများအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးမှူးကျင်းပသော  ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲများကိုလည်း  ကျင်းပပေးခဲ့သည်။  အမြို့မြို့အနယ်နယ်ရှိ အမြော်အမြင်ကြီးမားသည့် လူပုဂ္ဂိုလ်ပညာရှိများကလည်း စေတိယင်္ဂဏ၊ သကျသီဟ၊ ဝိနယာဓိက စသည့် ရဟန်းတော်များအတွက် ပရိယတ်ဆိုင်ရာ စာမေးပွဲများကိုလည်း ကျင်းပပေးလေသည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ မင်္ဂလာဗျူဟာ စသောအသင်းများကလည်း ကျောင်းသားလူငယ်များအတွက် မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲများကို တစ်နိုင်ငံလုံးနှစ်စဉ် ကျင်းပပေးကာ ထူးချွန်သည့် ကလေးများအား ဆုတံဆိပ်နှင့် ပညာသင်စရိတ် ထောက်ပံ့ငွေများဖြင့် ချီးမြှောက်လျက်ရှိသည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်တည်ရှိခြင်းကား ပရိယတ်သည်သာ ပင်ရင်းမူလပဓာန ဖြစ်သည်။

ပရိယတ္တိကိုကြားနာမှတ်သားရသော် ပဋိပတ္တိ၊ ပဋိဝေဓနှစ်ပါးကို ပြည့်အောင်ဖြည့်စွမ်းနိုင်ပေသည်။ ယခုကာလ အခါသမယသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါဆိုး ကျရောက်နေသည့်အတွက် ရောဂါကူးစက် ပြန့်ပွားမှု နည်းပါးစေရေးအတွက် သွားလာမှု ကန့်သတ်ခြင်း၊ လူစုလူဝေးကန့်သတ်ခြင်း စသည်ဖြင့် ကျန်းမာရေး ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များကို လိုက်နာလုပ်ဆောင်နေကြရသည်။ ထိုသို့သောအခါ ရဟန်းသံဃာများ၏ ဆွမ်းနှင့် အခြားသော ကိစ္စရပ်များ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် ပရိယတ္တိစာပေသင်ကြား ပို့ချပေးနေသော စာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။ ထိုအခက်အခဲများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ စေတနာသဒ္ဓါထက်သန်စွာလှူဒါန်းမှု ပြုလျက်ရှိသည်။

နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ ပရိယတ္တိစာသင်တိုက်များနှင့် အခြားသောဘာသာရေး ဆိုင်ရာနေရာများသို့ တပ်မတော်သားတို့ လှူဒါန်းမှု ပြုနေသည်မှာ နေ့စဉ်နေ့တိုင်း ကိစ္စရပ်တစ်ခုအဖြစ် ဝမ်းမြောက်ဖွယ် တွေ့မြင်နေကြရသည်။ ပရိယတ္တိစာပေများကို မပူမပင်ကြောင့်ကြမဲ့ အားထုတ်နိုင်ရန်  ဆွမ်း၊ သင်္ကန်းစသော ပစ္စည်းလေးပါး အထောက်အပံ့များကို ပြည့်စုံလုံလောက်စွာ ရရှိရန်လိုအပ်ပါသည်။ ထိုလိုအပ်မှုကို တပ်မတော်က ဖြည့်ဆည်းဆောင်ရွက် ကုသိုလ်ယူလျက်ရှိသည်။ စေတနာ၊ သဒ္ဓါတရားလက်ကိုင်ထား၍ ကြိုးစားဆောင်ရွက်နေသည်။

ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံတစ်ခုကို တည်ဆောက်ရာ၌ ရေရှည်တည်တံ့ခိုင်မြဲရန်မှာ အခြေခံအုတ်မြစ် ဖြစ်သည်။ အခြေခံအုတ်မြစ် ကောင်းမှသာ အဆောက်အအုံသည် ကာလကြာရှည်စွာ တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ ကြီးကျယ်ခမ်းနားသည့် သာသနာ့အဆောက်အအုံတွင် ပရိယတ္တိစာပေသည် အခြေခံအုတ်မြစ်ဖြစ်ပေရာ ပရိယတ္တိစာပေ သင်ကြားသူများကို ထောက်ပံ့လှူဒါန်းခြင်းသည် သာသနာ့အုတ်မြစ်ကို ခိုင်မြဲစေခြင်း ဖြစ်ပေသည်။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ အားထားကိုးစားရမည့် အရာကား မှန်ကန်တိကျသော ပဋိပတ်ဖြစ်သည်။ ယင်းပဋိပတ်မှာ သီလ၊ သမာဓိ၊ ပညာဟူသောသိက္ခာသုံးရပ်ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ပဋိပတ်ကျင့်စဉ်ကို နေ့စဉ်ကျင့်ကြံလာပါက အချို့သူများ မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန်ဆိုက် ရောက်တတ်ကြသကဲ့သို့ နေ့စဉ်လူမှု ကိစ္စများတွင်လည်း လောဘ၊ ဒေါသ၊ မောဟ စသောကိလေသာတရားများ နည်းပါးလာ၍ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ ထွန်းကားလာပေလိမ့်မည်။

ဗြဟ္မစိုရ်တရားထွန်းကားရာ ဒေသရှိလူသားများမှာ ကိုယ်အမူအရာရော၊ စိတ်အမူအရာပါယဉ်ကျေး သိမ်မွေ့နူးညံ့ ပျော့ပျောင်းနေပေမည်။ လောဘ၊ ဒေါသတရားများ နည်းပါးကင်းရှင်းကြသဖြင့် ခိုးဆိုး၊ လုယက်ညှဉ်းပန်းနှိပ်စက်မှု ကိစ္စများလည်း ကင်းရှင်းနေမည် ဖြစ်ပေသည်။ ငြိမ်းချမ်းသာယာမှုများ လွှမ်းမိုးကာ ပျော်စရာကောင်းသော လူမှုပတ်ဝန်းကျင် ဖြစ်နေမည်။ အနှစ်ချုပ်ဆိုရလျှင် တပ်မတော်သည် လှူဒါန်းမှုအစုစုကို လှူဒါန်းလျက်ရှိသည်။  ကိုဗစ်ရောဂါကာလအတွင်း  သူတစ်ပါး လှူဒါန်းနိုင်သည်များကို  သာဓုခေါ်ဆိုရင်း  မိမိတို့ ကိုယ်တိုင်ကလည်း ဒါန၊ သီလ၊ ဘာဝနာ ကျင့်ကြံနိုင်ကြပါစေ။ လူတိုင်းကိုယ်စီဗြဟ္မစိုရ် တရားများတိုးပွားကာ သာသနာတော်ကြီး တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်နိုင်ကြပါစေရန် ရည်ညွှန်း ရေးသားလိုက်ရပေသည်။