သားသမီးကိုချစ်သူတိုင်း ကျောင်းအပ်နှံကြသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ  ၂၆  ရက်)

နိုင်ငံတစ်နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုင်းတာရာတွင်   ပညာရည်မြင့်မားခြင်း ပါဝင်သည်။

ပညာတတ်ပေါများသောနိုင်ငံသည် တိုးတက်သည်။ ပညာရည်နိမ့်ပါးသော နိုင်ငံသည် တိုးတက်မှုနှုန်း နှေးကွေးသည်။ မိသားစုတစ်စုနှင့် နှိုင်းယှဉ်လျှင်လည်း ထိုနည်းအတိုင်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် မိသားစုတိုင်းသည် မိမိတို့၏ သားသမီးများ ပညာရည်မြင့်မားခြင်းကို လိုလားနှစ်သက်သည်။ ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည့်အားလျော်စွာ လူ့ဘဝခရီး ဖြတ်သန်းရာတွင် ပညာသည် အဆုံးအဖြတ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်မှုကြောင့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တစ်နှစ်ပတ်လုံး စာသင်ကျောင်းများကို ပိတ်ထားရသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် နစ်နာဆုံးရှုံးမှု ဖြစ်ခဲ့သည်။ ထိုဆုံးရှုံးမှုသည် ငွေကြေးဖြင့် ပြန်လည်ဝယ်ယူ၍မရနိုင်သော ဆုံးရှုံးမှုဖြစ်သည်။

ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများရှိ တက္ကသိုလ်များ အပါအဝင်ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် မိဘများ အားလုံးအတွက် ဝမ်းသာဖွယ်ဖြစ်သော်လည်း ကျောင်းဖွင့်ခြင်းကို မလိုလားသော အဖျက်သမားများက နည်းမျိုးစုံဖြင့် နှောင့်ယှက်လျက်ရှိသည်။

ပညာရေးစနစ်သည် အမျိုးသားပညာရေး စနစ်အဖြစ် ၂ဝ၁၄ ခုနှစ်ကစတင်ခဲ့ပြီး ယနေ့တိုင်လည်း ထိုပညာရေး စနစ်သာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပညာရေးစနစ်နှင့် ပတ်သက်၍ လုံးဝပြုပြင် ပြောင်းလဲခြင်းမရှိသော်လည်း အဖျက်သမားတို့က စစ်ကျွန်ပညာရေးဟု အမည်တပ်ကာ ကျောင်းမတက်ရေး၊ ကျောင်းမထားရေး၊ ကျောင်းမဖွင့်ရေး လှုံ့ဆော်ကာ အဖျက်လုပ်ရပ်များကို လုပ်ဆောင်သည်။ ထိုသို့လှုံ့ဆော်နေသူ အဖျက်သမားများသည် သားသမီး မရှိသူများဖြစ်သည်။ သားသမီး ရှိခဲ့လျှင်လည်း ထိုသူတို့သည် သူတို့၏ သားသမီးများကို ကျောင်းမအပ်ဘဲ၊ ကျောင်းမထားဘဲ နေမည်မဟုတ်ပေ။

မိဘတိုင်းသည် မိမိတို့သားသမီးများကို ပညာတတ်ကြီး ဖြစ်စေချင်ကြသည်။ ဆင်းရဲသူ၊ ချမ်းသာသူ အဆင့်အတန်းအားဖြင့် မတူညီကြသော်လည်း မိဘအားလုံး၏ ရင်ထဲမှာရှိနေသည်က မိမိတို့ရင်သွေး ကျောင်းအပ်နှံရေးနှင့် ပညာတတ်ရေးဖြစ်သည်။ ထိုသို့ဆိုပါလျှင် ကျောင်းအပ်နှံရေး၊ ကျောင်းမထားရေးကို လှုံ့ဆော် ဖျက်ဆီးနေသူများသည် မိဘပြည်သူများ၏ ဘုံရန်သူပင်ဖြစ်သည်။ ထိုဘုံရန်သူကို မိဘတိုင်းက ညီညီညာညာ စည်းစည်းလုံးလုံး တိုက်ဖျက်ကြမည်ဆိုလျှင် အဖျက်သမား လူရမ်းကားတို့သည်ကား နေလာနှင်းပျောက်သည့်ပမာ ဖြစ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

မိဘတိုင်းသည် သားသမီးများနှင့် ပတ်သက်လာလျှင် အထိမခံ ရွှေပန်းကန်များသာဖြစ်သည်။

သားသမီးထိ ဓားကြည့်ဆိုသူများပင် ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်ကျောင်း အပ်နှံရေး သီတင်းပတ် သတ်မှတ်ထားသည့်အတိုင်း ၂ဝ၂၁ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ စတင် ကျောင်းအပ်နှံနေကြသည်။ ကျောင်းများအားလုံး သက်ဝင်လှုပ်ရှားလာကြပြီဖြစ်သည်။

တစ်နှစ်ပတ်လုံး လှုပ်ရှားမှုကင်းမဲ့နေသော ကျောင်းများကို သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် တပ်မတော်သားများက စေတနာမေတ္တာများဖြင့် ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း အပြုံးမပျက် ကျောင်းတက်ရေးအတွက် မိဘတိုင်းက သားသမီးများကို ကျောင်းအပ်နှံနေကြပြီ ဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးလျက်ရှိသည်။ တစ်နိုင်ငံလုံး ကျောင်းအပ်နှံနေကြသောမြင်ကွင်းသည် မြန်မာနိုင်ငံ အတွက်   ကျက်သရေမင်္ဂလာရှိသော မြင်ကွင်းဖြစ်သည်။  အဖျက်သမားတို့သည်  လျှာအရိုးမရှိတိုင်း စိတ်ထဲထင်ရာ ပြောဆိုလုပ်ကိုင်နေသော်လည်း ပညာရေးနှင့် ပတ်သက်၍  မည်သည့်မိဘကမျှ ထိခိုက်ခံမည် မဟုတ်ပါ။ ထို့ကြောင့်လည်း မိဘများသည် သားသမီးတို့ နောင်ရေးအတွက် ပညာရေးကို အလေးထားကာ ကျောင်းအပ်နှံခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အားလုံးအတွက် စိတ်သောကမဖြစ်အောင် ဆောင်ရွက်ထားပြီးဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask ၊ Face Shield တို့ကိုနိုင်ငံတော်မှ အခမဲ့ထောက်ပံ့လျက်ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျောင်းများတွင် အပြည့်အဝ ထားရှိပေးထားသည်။ ပညာရေးမှာ အခမဲ့ပညာရေး စနစ်ဖြစ်သည့်အတွက် ကျောင်းအပ်နှံခြင်း မရှိသေးသည့် မိဘတိုင်းကလည်း  မိမိတို့သားသမီးများကို ကျောင်းအပ်နှံကြစေချင်သည်။  သားသမီးများ နောင်ရေးအတွက် မိဘတိုင်းကပေးနိုင်သည်မှာ  ပညာအမွေသာဖြစ်ပါသည်။  ပညာအမွေသည်သာ သုံးမကုန်နိုင်သော၊ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်ပေရာ ''သားသမီးကိုချစ်သူတိုင်း ကျောင်းအပ်နှံကြသည်'' ဟူ၍ ရေးသားလိုက်ရပေသည်။    ။