သားသမီးချင်း စာနာသင့်ကြသည် . . .

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၄  ရက်)

အသက်ငယ်ငယ် ကလေးတွေကို ပိုက်ဆံပေးပြီး ဗုံးခွဲခိုင်း၊ မိုင်းထောင်ခိုင်းနေသည်။ ကမ္ဘာ့နိုင်ငံတချို့တွင် ကြားမြင်နေရသော အသေခံဗုံးခွဲခိုင်းသည့် လုပ်ရပ်မျိုး အဖျက်သမားတို့ လုပ်ဆောင်လာသည်။ ဘယ်ကလေးကမှ မိမိအသက်သေမည်မှန်း သိလျှင် ဗုံးခွဲမည် မဟုတ်သော်လည်း ဗုံးခွဲခိုင်းသူတို့က အစပျောက်သွားအောင် ဗုံးလည်းခွဲ၊ ဗုံးခွဲသူလည်း သေဆုံးအောင် လုပ်ဆောင်သည်။ အချို့ကလေးတွေက ငွေကြေးကြောင့် လုပ်ဆောင်ရသည်။ အချို့ကလေးတွေက အကြောက်တရားကြောင့် လုပ်ဆောင်ရသည်။ ခိုင်းစေသူများက ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်၊ မစားရတဲ့အမဲ သဲနဲ့ပက်သည့် စိတ်ဓာတ်မျိုးဖြင့် ခိုင်းစေသည်။

ခိုင်းစေလိုက်သော နေရာက စာသင်ကျောင်းတွေဖြစ်နေသည်။

ခိုင်းစေသူများကတော့ ထုံးစံအတိုင်း လူမိုက်များဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်းထောင်ရန် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိဟူသော သတင်းကြားသိရသည်။ ဖြစ်စဉ်မှာ မေ ၃ဝ ရက် ည ၇ နာရီ မိနစ် ၄ဝ ခန့်တွင် အုတ်ဖိုမြို့ မိုးညိုတန်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့ လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ အမျိုးသားတစ်ဦးသည် ကျောင်းရှေ့သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးသွားသည့်အတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ ဘူတာရုံလမ်း အနောက်ဘက်လမ်းပေါ်၌ ခြေထောက်တွင် သွေးများ ပေကျံနေသည့် ထူးကုန်းကျေးရွာနေ ဝေယံကျော် ၁၉ နှစ်ကို တွေ့ရှိသည်။ ၎င်း၏ခါးအောက်ပိုင်းတွင် မိုင်းစထိမှန်ဒဏ်ရာ ရရှိထားသည့်အတွက် အုတ်ဖိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။ ဖမ်းဆီးရမိသူ ဝေယံကျော်အား စစ်မေးခဲ့ရာ လက်လုပ်မိုင်းတစ်လုံး ထည့်ထားသော စက္ကူဘူးအား ကျောင်းရှေ့တွင် သွားရောက် ထောင်ထားပေးရန် မိုးညိုတန်း ရပ်ကွက်နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇော်မင်း(အိုစစ်သောက်ရေသန့် စက်ရုံပိုင်ရှင်)နှင့်၎င်း၏သမက်ဖြစ်သူ နိုင်လင်း ၃၂ နှစ်တို့က ငွေကျပ်တစ်သိန်းပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝေယံကျော်၏ ဖော်ထုတ်ချက်အရ ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်ရန် ငွေပေးစေခိုင်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇော်မင်း(အိုစစ်သောက်ရေသန့် စက်ရုံပိုင်ရှင်)နှင့် ၎င်း၏သမက်ဖြစ်သူ နိုင်လင်းတို့အား ဖမ်းဆီးရမိရေးအတွက် အိုစစ်သောက်ရေသန့် လုပ်ငန်းနှင့် နေအိမ်တွဲလျက်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးအား မတွေ့ရဘဲ နိုင်လင်း၏ဇနီးဖြစ်သူ မနန်းထက်ဇော် ၃၃ နှစ်အား တွေ့ရှိပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ NLD အလံသေး ကိုးခု၊ NLD တံဆိပ်ပါ အင်္ကျီကိုးထည်တို့အား တွေ့ရှိသည်။

ဤဖြစ်စဉ်ကို လေ့လာကြည့်လျှင် မိုင်းထောင်ရန် စေခိုင်းခံရသူသည် အသက်အရွယ်အားဖြင့် ၁၉ နှစ်သာ ရှိသေးသည်။ ခိုင်းသူမှာ လွှတ်တော် ကိုယ်စားလှယ်ဟောင်း လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ မိမိစက်ရုံတွင် အလုပ်လုပ်နေသော ကလေးသူငယ်ကို ငွေကျပ်တစ်သိန်းပေး၍ စေခိုင်းလိုက်သည်။ ဖမ်းမိလျှင်လည်း ဒီကလေး အဖမ်းခံရပေတော့။ သေစရာရှိလျှင်လည်း ဒီကလေး သေလိုက်တော့ စိတ်ထားယုတ်ဖြင့် ခိုင်းစေလိုက်ခြင်း ဖြစ်သည်။ သားသမီးချင်း ကိုယ်ချင်းစာနာစိတ် လုံးဝမရှိကြောင်း ထင်ရှားသည်။ သမီးနှင့် သမက်ရှိနေလျက် သူတို့ကို မခိုင်းသည်မှာ ကိုယ့်မိသားစုဖြစ်နေသည့် အတွက်ဖြစ်သည်။

ဤဖြစ်စဉ်မျိုးသည် အများအပြား တွေ့မြင်ကြားသိနေရသည်။ ကျိုက်မရောမြို့နယ် တောင်ကလေး အရှေ့စုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းကို မီးရှို့ခဲ့သော ချစ်မင်းသူမှာ အသက် ၁၃ နှစ်သာ ရှိသေးသည်။ ငွေကြေးဖြင့် လူငယ်တို့ကို သေတွင်းသို့ပို့နေသည်။ တောထဲသို့ပို့နေသည်။ ထောင်ထဲသို့ပို့နေသည်။

စေခိုင်းသူတိုင်းက အန္တရာယ်နှင့် ကင်းဝေးသောနေရာတွင် နေထိုင်ပြီး လူငယ်များကို အသေသတ်နေခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရက ကျောင်းနေအရွယ် လူငယ်လူရွယ်များအား ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ပြန်လည်ဖွင့်ပေးနေပြီ။ ယခုဆိုလျှင် ကျောင်းဝတ်စုံ အဖြူအစိမ်းကလေးများဖြင့် လှပသော လူငယ်များကိုမြင်တွေ့နေရသည်။ ဤသည်ကို အဖျက်သမားတို့က မကြည်ဖြူနိုင်ပေ။ အနှောင့်အယှက်ဖြစ်စေရန် ကျောင်းလည်းပျက်စီး၊ ဆရာတွေလည်း စိတ်ဓာတ်ကျ၊ ကျောင်းသားတွေလည်း ကျောင်းမတက်ရဲအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ကလေးများ၏ အနာဂတ်ဖျက်ဆီးနေသူများမှာ ဦးဇော်မင်းကဲ့သို့သော လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ NLD ကို ထောက်ခံသူ လုပ်ငန်းရှင်များသာ ဖြစ်သည်။

အကြမ်းဖက် အဖျက်လုပ်ရပ်များ အမြန်ဆုံး ချုပ်ငြိမ်းသွားရန်အတွက် ပြည်သူအားလုံး ဝိုင်းဝန်းလက်တွဲ တိုက်ဖျက်ကြရမည်ဖြစ်သည်။ အကြမ်းဖက် အဖျက်လုပ်ရပ်များသည် ပြည်သူလူထု အများစုက စက်ဆုပ်ရွံရှာ မနှစ်မြို့သော လုပ်ရပ်များဖြစ်သည်။ အထူးသဖြင့် ကျောင်းများကို ထိခိုက်နေခြင်းသည် ခွင့်လွှတ်နိုင်ဖွယ်မရှိသော အဖျက်လုပ်ရပ်ဖြစ်သည်။ မကောင်းမှုပြုသူသည် မကောင်းမှုဒဏ်ကို ကြီးမားစွာပြန်လည် ခံစားရမည်ဖြစ်ပေရာ လူငယ်ထုအနေဖြင့် ထိုမကောင်းမှု လုပ်ရပ်များတွင် ပါဝင်ခြင်း မပြုကြရန် အသိပေး ရေးသားလိုက်ရပေသည်။    ။