သုံးရပ်သာသနာ ထွန်းလင်းဖြာ တို့ရွှေပြည်မြန်မာ

သုံးရပ်သာသနာ ထွန်းလင်းဖြာ တို့ရွှေပြည်မြန်မာ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ   ၂၁  ရက်)

ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗုဒ္ဓသာသနာ အထွန်းကားဆုံး နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိသည်။ ဗုဒ္ဓသာသနာတော် မကွယ်ပျောက်ရေးအတွက် ရဟန်းရှင်လူ ပြည်သူအများက ကျရာတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတော် သုံးရပ်ရှိသည့်အနက် ပရိယတ္တိသာသနာတော်သည် အခြေခံဖြစ်သည်။ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၇ ရက်နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၁၃၁ဝ ပြည့်နှစ် ပထမအကြိမ်မှ စတင်၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်မှာ ယခု ၁၃၈၃ ခုနှစ်တွင် (၇၃)ကြိမ်မြောက်တိုင် ရောက်ရှိခဲ့ပါသည်။

ကျင်းပပြီးစီးခဲ့သော (၇၂)ကြိမ်မြောက် စာမေးပွဲကြီးအထိ ၇၂ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးအရှင်မြတ်ကြီး ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် သာသနာတော်ကြီး၏ ရေသောက်မြစ် ရှင်သန်အောင်ပြုစုရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  ထိုစာမေးပွဲကြီးကို နှစ်စဉ်ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပမြဲဖြစ်သည်။ ယခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်နေသော အချိန်နှင့်ရင်ဆိုင် ကြုံတွေ့နေရသဖြင့် နှစ်စဉ်ပုံမှန် ကျင်းပမြဲဖြစ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဘာသာသာသနာတော်ကို အလေးအမြတ်ထားသည့် အားလျော်စွာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း လစ်ဟင်းမှုမရှိစေရန် ဆောင်ရွက်နေပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် တိပိဋကဓရသြဝါဒါစရိယ ဆရာတော်များထံ လျှောက်ထားဆောင်ရွက်ပြီး သဘောရေးဖြေ ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါ(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ မေ ၁၇ ရက်မှ၂၁ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပနိုင်ခြင်းဖြစ်ပါသည်။ (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အဘိဓမ္မာ(ရှေ့ပိုင်း)၊ အဘိဓမ္မာ(နောက်ပိုင်း)၊ ဒီဃနိကာယ်နှင့် ဝိနည်း(ရှေ့ပိုင်း)တို့တွင် စာဖြေသံဃာတော် ၁၇၁ ပါးတို့ဖြေဆိုကြပါသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာပါဠိသိရောမဏိ)မိန့်ကြားတော်မူသော သာရဏီယ သြဝါဒကထာတွင် ''ဤတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုကြရာ၌ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ စွမ်းအားငါးဖြာတို့သည် ပဓာနကျ၍ ထိုစွမ်းအားများပါ အတိုင်း ရေးဖြေခြင်းများပြုလုပ်ရန် အထူးလိုအပ်ပါသည် ဘုရား။ အရှင်မြတ်တို့မှာလည်း သာသနာတော်၌ ''သက်ဝင်ယုံကြည်ခြင်း''တည်းဟူသော သဒ္ဓါစွမ်းအား၊ ဆိုင်ရာဆိုင်ရာ ပိဋကတ်ကျမ်းစာများကို နေ့ညမယုတ် အားထုတ်လျက်''ကျက် အံ၊ ကြံကြည့်ခြင်း''တည်းဟူသော ဝီရိယစွမ်းအား၊ ဆိုင်ရာဆိုင်ရာ ပိဋကတ်ကျမ်းစာများကို ''နေ့ညဉ့်မပြတ် သတိချပ်အောက်မေ့ခြင်း''တည်းဟူသော သတိစွမ်းအား၊ ဆိုင်ရာဆိုင်ရာ ပိဋကတ်ကျမ်းစာများကို ''စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန်ခြင်း''တည်းဟူသော သမာဓိစွမ်းအား၊ ဆိုင်ရာဓမ္မဝိနယတို့ကို ''နေ့ညထင်ထင်ဆင်ခြင်စဉ်းစားခြင်း''တည်းဟူသော ပညာစွမ်းအား ဗလငါးတန်ပြည့်လျှံဖြိုးမောက် လောက်ငကုံလုံပြည့်စုံခြင်း အဖုံဖုံရှိတော်မူကြသဖြင့်လည်း ဤတိပိဋကဓရ  တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး၌ သဘောရေးဖြေ ကိစ္စအဝဝတို့ မုချဧကန်အောင်မြင် ထမြောက်ကြလိမ့်မည်ဟု အားပေးစကား လျှောက်ထားလိုပါသည်ဘုရား'' ဟူ၍ မိန့်ကြားတော်မူပါသည်။

ပရိယတ္တိသာသနာတော်မြတ်သည် ဘုရားရှင်၏ သာသနာသုံးရပ်တွင် အရင်းမူလပဓာနဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမ တရားတော်မြတ်ဟူသော ပရိယတ္တိ သာသနာပျောက်ကွယ်ပါလျှင် နည်းလမ်းတကျ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခြင်းဟူသော ပဋိပတ္တိသာသနာလည်း ထင်ရှားဖြစ်ပေါ်လာနိုင်ခြင်း ရှိမည်မဟုတ်ပါ။ ပဋိပတ္တိသာသနာတော်မြတ်ကြီး ဟူသော မှန်ကန်သည့် အကျင့်တရား မရှိပါကလည်း မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော ထူးကဲမွန်မြတ်လှသည့် တရားတော်မြတ် အတန်တန်ကိုဧကန်မုချ ထိုးထွင်းသိမြင်နိုင်ခြင်း ဟူသော ပဋိဝေဓဒေသနာတော် အကျိုးတရားလည်း ဆိတ်သုဉ်းမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြတ်စွာဘုရားရှင်၏သာသနာတော် သုံးရပ်သန့်ရှင်း တည်တံ့တိုးတက် ပြန့်ပွားရေးသည် ပရိယတ္တိ သာသနာတော်မြတ်ကြီးအပေါ်တွင် အခြေခံလျက်တည်မှီနေပါသည်။ သို့ဖြစ်ပါ၍ ပါရမီဘုန်းကံထူးချွန်သော ပုဂ္ဂိုလ်တို့သာ ဖြေဆိုနိုင်သော ဤတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ဖြေဆိုသူ သံဃာတော်များလည်း ကောင်းမွန်စွာ ဖြေဆိုအောင်မြင်တော်မူနိုင်ကြပါစေ၊ သာသနာတော်ကြီး တိုးတက်စည်ပင်ပါစေဟူ၍ မြဝတီက ဆုတောင်း လိုက်ရပေသည်။  ။