အကြမ်းဖက်သမားတို့နေဝင်ချိန်ရောက်ပြီ

အကြမ်းဖက်သမားတို့နေဝင်ချိန်ရောက်ပြီ

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှုနည်းနိုင်သမျှနည်းအောင် စေတနာဖြင့် အသိပညာပေးခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းများကို ဆောင်ရွက်နေသူ တို့၏ လုပ်ဆောင်ချက်သည် လွန်စွာဂုဏ်ယူဖွယ်ကောင်းလှသည်။ အမရပူရမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေါ်သက်သက်ချို အပါအဝင် ပြည်သူခုနစ်ဦးတို့သည် ဇူလိုင် ၁၄ ရက် နံနက်က အဆိုပါမြို့ ဈေးအဝင်လမ်း၌ ကိုဗစ်-၁၉ ရောဂါများနှင့်ပတ်သက်၍ ပညာပေးဟောပြောခြင်း၊ Mask နှင့် Hand Gel များဝေငှခြင်းများ ဆောင်ရွက်နေစဉ် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသည့် အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ကိုးချက်ခန့်ပစ်ခတ်ထွက်ပြေးသွားခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေါ်သက်သက်ချိုမှာ အဆိုပါနေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုပေးလျက်ရှိသည်။ သေဆုံးသူဒေါ်သက်သက်ချိုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး လူမှုရေး၊ ရပ်ရွာအရေးများမှာ တက်တက် ကြွကြွဆောင်ရွက်သူဖြစ်သည်။ ပြည်သူအများ ကောင်းကျိုးဆောင်ရွက်ပေးနေမှုကို မလိုလားသော အကြမ်းဖက်အဖွဲ့ဝင်များက ရက်ရက်စက်စက်ပစ်သတ်သွားခြင်းဖြစ်သည်။ ထိုသတင်းကို ကြားရသူတိုင်းက ဒေါသထွက်ရသည်။ မခံမရပ်နိုင်ဖြစ်ကြသည်။ ပြည်သူများ ကပ်ရောဂါဘေးကြုံနေစဉ် အဖျက်အမှောင့်လုပ်ရပ်များ မလုပ်သင့်သော ကာလဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တာဝန်သိ ပြည်သူများက စွန့်စွန့်စားစား ကူညီပေးနေခြင်းဖြစ်သည်။ ကပ်ရောဂါဆိုးကြီး ကျရောက်နေသောကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့် ပူပန်သောကဖြစ်နေစဉ်မှာ အပြစ်မဲ့ပြည်သူများ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေသော အကြမ်းဖက်ရက်စက်မှုများသည် အံ့မခန်း ရက်စက်ယုတ်မာမှုကြီးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း လုပ်ကြံသတ်ဖြတ် ခံရသော ကမ္ဘာ့အရက်စက်ဆုံး လူမဆန်စွာရက်စက်ယုတ်မာမှုကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့များသိရှိရန်လိုပေသည်။ ဇူလိုင် ၁၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက “အိုင်အက်စ် စစ်သွေးကြွတွေ ထက်သာလွန်တဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုကို ကမ္ဘာ့မှတ်တမ်းဝင်ဖို့ ဘယ်မီဒီယာတွေ ဆော်သြကြမှာလဲ။ CRPH, NUG, PDF အကြမ်းဖက်အားပေးတဲ့ DVB, Mizzima, Irrawaddy, Khit Thit, Myanmar Now, VOA, BBC, RFA ပြည်ပအထောက်အပံ့ခံ သတင်းဌာနတွေကတော့ ထုံးစံအတိုင်း အများကောင်းကျိုး ပြုလုပ်နေတဲ့ အမျိုးသမီးတစ်ဦးအား  ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို ဒလန်မို့လို့ သတ်တယ်လို့ဆိုပြီး ပုံဖော်ကြမှာသေချာပါတယ်” ဟူ၍ ရေးသားထားသည်။

အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ပြနေခြင်းသည် တော်လှန်ရေးတစ်ရပ်မဟုတ်ပေ။ အကြမ်းဖက် လုပ်ရပ်များသာ ဖြစ်ပြီး ထိုအကြမ်းဖက်လုပ်ရပ်ကို မည်သည့်နိုင်ငံကမျှ လက်ခံမည်မဟုတ်သကဲ့သို့ မြန်မာပြည်သူများသည်လည်း လက်မခံပါ။ လူသားချင်း ကိုယ်ချင်းစာတရားထားရှိသင့်သည်။ ဤလုပ်ရပ်များသည် တရားနည်းလမ်းကျသော လုပ်ရပ်မဟုတ်ဘဲ လူသတ်ဝါဒကိုင်စွဲကာ ရက်စက်ယုတ်မာကောက်ကျစ်မှုသာဖြစ်သည်။ ထိုလုပ်ရပ်ကို ပြည်သူများက စက်ဆုပ်ရွံရှာနေပြီဖြစ်သည့်အတွက် နေရာဒေသတိုင်းတွင် သတင်းပေးဖော်ထုတ်မှုများ ရှိလာပြီဖြစ်သည်။ ဖမ်းဆီးရမိမှုများမှာ နေ့စဉ်နီးပါး အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိလျက်ရှိပြီး လက်နက်/ခဲယမ်းများလည်းများပြားလှသည်။

ဇူလိုင် ၁၆ ရက်နေ့ထုတ် သတင်းစာများတွင် အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တရားခံ အောင်ကျော်ကျော်ဦးပါ ၁၆ ဦးကို လက်နက် ၁၃ လက်၊ ခဲယမ်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသတင်း၊ မြဝတီမြို့၌ လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ Drone များဖမ်းဆီးရမိ သတင်းများဖော်ပြထားသည်။ NLD ပါတီမှ အောင်ကျော်ကျော်ဦးသည် တိုင်းဒေသကြီး အတွင်း အဖျက်လုပ်ငန်းနှင့် လုပ်ကြံသတ်ဖြတ်ရေး ဦးဆောင်ကော်မတီတစ်ခုဖြစ်သည့် People's Security Committee-PSC တွင်ခေါင်းဆောင်ဖြစ်သည်။ လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ဗုံးဖောက်ခွဲမှုနှင့် သတ်ဖြတ်မှုများကို နောက်ကွယ်မှ အဓိကထောက်ပံ့ စေခိုင်းနေသူဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော ကိုဗစ်ကာကွယ်ရေး ပစ္စည်း ဝေနေသူများကို ရက်စက်စွာ ပစ်သတ်သွားသူများသည်လည်း မကြာမီအချိန် အတွင်း ဖမ်းဆီးရမိမှာသေချာသည်။ အနှစ်ချုပ်ရလျှင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို  ခိုက်ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ဆောင်နေသူ အကြမ်းဖက်သမားတို့၏ နေဝင်ချိန်သည်ကား မကြာမီ ရောက်လာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။