အတွေးအမြင် အလွဲအမှားနှင့် ဘဝဆုံးသူများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ  ၂၇  ရက်)

မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်သည် နိုင်ငံတော်၏ ကောင်းကျိုးကိုသာ အစဉ်သယ်ပိုးခဲ့သည်။

လက်ရှိပစ္စုပ္ပန်မှသည် နောင်အနာဂတ်တိုင်အောင်လည်း သယ်ပိုးနေမည်သာဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူကောင်းကျိုးကိုသာ အစဉ်သယ်ပိုးလျက် ရှိကြောင်း သမိုင်းမှတ်တမ်းများလည်း ထင်ထင်ရှားရှား ရှိပြီးဖြစ်သည်။ တပ်မတော်၏နေ့စဉ် လုပ်ဆောင်လျက်ရှိသောလုပ်ရပ်များကို လေ့လာကြည့်ပါက ပြည်သူလူထု အကျိုးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ တောင်သူလယ်သမားများ၊ ယာသမားများ ရောင်းချရန် အခက်အခဲကြုံတွေ့နေရသော စိုက်ပျိုးသီးနှံများကို ဈေးနှုန်းနှိမ်ချမှု မရှိဘဲ ဝယ်ယူပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ကုသပေးနေခြင်း၊ ပြည်သူများ သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ် ကျရောက်တိုင်း လျင်လျင်မြန်မြန် ကူညီဆောင်ရွက်ပေးခြင်းများမှာ သိသာထင်ရှားသော ပြည်သူ့အကျိုးပြုမှုများ ဖြစ်သည်။

၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း တာဝန်ယူခဲ့သော NLD ပါတီအစိုးရသည် တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ အဆိုးရွားဆုံးသော လုပ်ရပ်မှာ မျိုးဆက်သစ် လူငယ်ကလေးများအား လမ်းမှားသို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။ တပ်မတော် အနေဖြင့် ပြည်သူလူထု ကောင်းကျိုးမည်သို့ပင် လုပ်ဆောင်နေသော်လည်း NLD ပါတီဝင်များမှာ တပ်မတော်ကို အမြဲတမ်း ရန်သူသဖွယ် ဆက်ဆံလျက်ရှိသည်။

ထင်ရှားသော ဥပမာများကို ဖော်ပြရလျှင် NLD ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် စာသင်ကျောင်းတစ်ခုသို့ ဟောပြောပွဲ တက်ရောက်ဟောပြောလျှင် ဟောပြောသည့် အကြောင်းအရာနှင့် ကိုက်ညီမှု ရှိသည်၊ မရှိ သည်အပထား၊ တပ်မတော် မကောင်းကြောင်းကို မပါပါအောင် ဟောပြောလေ့ရှိသည်။ တပ်မတော်က စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ဦးဆောင် အကောင်အထည်ဖော်ပေးခြင်းမျိုး၊ နေပြည်တော် မြို့တော်တည်ခြင်းမျိုး၊ ကလေးတွေ ပညာသင်ဖို့ ကျောင်းတွေ တိုးချဲ့ဆောက်လုပ်ပေးခြင်းမျိုး၊ လက်ရှိကျောင်းတွေသည်ပင် တပ်မတော်က တည်ဆောက်ပေးခြင်းမျိုးကိုမူ သိလျက်နှင့် ထည့်သွင်းဟောပြောခြင်း လုံးဝ(လုံးဝ)မပြုခဲ့ပေ။

လူတို့သဘာဝ ပွတ်တိုက်ဖန် များလာသောအခါ နဲ့လာတတ်သည်။ အသိမကြွယ်သေးသော ကလေးတို့သည်ကား ထိုသဘောတရားအတိုင်း စစ်တပ်ကို မုန်းတီးစိတ်ဝင်သွားတော့သည်။ ယနေ့အဖျက် လုပ်ငန်းများ လုပ်ဆောင်နေသော ကလေးငယ်များသည် ထိုသဘောပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို အမှန်တကယ်ချစ်လျှင် ယနေ့ကလေးငယ်များကို မှန်ကန်သော လမ်းကြောင်းသို့ ညွှန်ပြသင့်သည်။ ဥပမာဆိုရလျှင် တပ်မတော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် ထာဝရတည်ရှိနေရမည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် လူ့သက်တမ်းအလိုက် လူငယ်၊ လူရွယ်၊ လူကြီးဖြစ်လာမည့် သူတွေဖြစ်ကြောင်း၊ တပ်မတော်သား ဆိုသည်မှာလည်း  သက်တမ်းအလိုက် ပြောင်းရွှေ့ထွက်ခွာ နေရမှာဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ အနေဖြင့် တပ်မတော်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာရန် ကြိုးစားရမည်ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောညွှန်ပြသင့်ပေသည်။

ကျန်းမာသန်စွမ်း၍ သတ်မှတ်ပညာ အရည်အချင်း ပြည့်စုံသူတိုင်း တပ်မတော်တွင် ဝင်ရောက်အမှုထမ်းနိုင်ပေရာ လက်ရှိတပ်မတော်သားများ နေရာတွင် မျိုးဆက်သစ်များ နေရာယူကြရမည်မှာ ထာဝရ ပုံသေနည်းဖြစ်သည်။ တပ်မတော် မုန်းတီးရေးသမားများသည် နိုင်ငံတော်သစ္စာဖောက်သူများ ဖြစ်သည်။ နိုင်ငံတော်ကို ပျက်စီးအောင် ဖျက်ဆီးနေသူများဖြစ်သည်။ တပ်မတော်ထဲ ဝင်ရောက်၍ စစ်မှုထမ်းချင်သူများ မရှိအောင် လုပ်ဆောင်နေခြင်းသည် မိမိနိုင်ငံကို မိမိဖျက်ဆီးခြင်းဖြစ်သည်။ တပ်မတော်တစ်ရပ်မရှိလျှင် နိုင်ငံသည် အင်အားချည့်နဲ့ကာ သူ့ကျွန်ဘဝသို့ ပြန်ရောက်ပေလိမ့်မည်။

ထို့ကြောင့် တပ်မတော်ကို ပုတ်ခတ်တိုက်ခိုက်နေမှု များသည် နိုင်ငံအတွက် လွန်စွာကြီးမားသော အန္တရာယ်ဖြစ်သည်။ တပ်မတော်တွင် လူ၊ လက်နက်ခဲယမ်း၊ ပစ္စည်းဥစ္စာပြည့်ဝကာ အင်အားတောင့်တင်းနေလျှင် နိုင်ငံတော်အတွက် ကောင်းခြင်းမ င်္ဂလာပင်ဖြစ်သည်။ ထို့အတူ မျိုးဆက်သစ် လူငယ်များဘက်က တွေးမြင်ကြည့်လျှင် ''အော်..ဒါတွေဟာ၊ တစ်နေ့မှာ ငါတို့ပိုင်ဆိုင်ရမယ့် အမွေတွေပါလား၊ ငါတို့ဆက်လက် တာဝန်ယူရမှာပါလား၊

ဒီလိုတာဝန်ယူနိုင်ဖို့ ငါတို့ပညာ ကြိုးစားသင်မယ်၊ ကျန်းမာရေးကို အထူးလိုက်စားမယ်''စသော ကောင်းစိတ်များကို တွေးမြင်ထားသင့်သည်။ ဤသည်မှာ မှန်ကန်သော အတွေးအခေါ်ဖြစ်သည်။

ထိုအတွေးအခေါ်ကောင်းမျိုးကို အမွေမပေးခဲ့ဘဲ အလုံးစုံပျက်သုဉ်းရေး အမွေပေးထားသောအခါ လူငယ်တို့ လမ်းမှားရောက်သွားကြသည်။ တောတွင်း လက်နက်ကိုင်အဖွဲ့များထံ သွားရောက်ပြီး ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်သည်။ တောထဲတွင် ပထမကြုံတွေ့ရသည်က ဒုက္ခမျိုးစုံသာဖြစ်သည်။ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဆင်းလာပြီး အချို့က မိမိတို့နေအိမ်တွင် စမ်းသပ်သည်။ သူတစ်ပါးအသက်ကို သတ်ဖို့အတွက် မကောင်းစိတ်က လွှမ်းမိုးလာသောအခါ မိမိကိုင်ဆောင်သော ဗုံးသည် မိမိလက်ထဲတွင် ပေါက်ကွဲကာ သေဆုံးသွားသည်။ ထိုသတင်းမျိုးကို နေ့စဉ်နီးပါးကြားရသည်။ မသေသောသူများမှာလည်း ဖမ်းဆီးခြင်းခံရသည်။

အကယ်၍သာ  ထိုလူငယ်များသည်  တပ်မတော်အကြောင်း မှန်မှန်ကန်ကန် သိထားခဲ့လျှင်  နိုင်ငံတော် ကာကွယ်ရေးအတွက် အားကိုးရသော လူငယ်များဖြစ်လာပေလိမ့်မည်။ ယခုတော့တွေးကြည့်လျှင် မိဘများသည် သားသမီးများအတွက် စိတ်မကောင်းဖြစ်ရသလို တပ်မတော် အနေဖြင့်လည်း အတွေးအမြင် အလွဲအမှားနှင့် ဘဝဆုံးသူများအတွက် နှမြောဖွယ်ရာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။