အများပြည်သူအတွက် သတင်းကောင်းများ

အများပြည်သူအတွက် သတင်းကောင်းများ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၂၄  ရက်)

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုသကဲ့သို့ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ ခံစားရမည်မှာ အမှန်တရားဖြစ်သည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးဖြစ်မည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးဖြစ်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မမှားနိုင်သော ယုံကြည်မှုပင်ဖြစ်သည်။ ခေတ်ပညာတတ် လူငယ်အချို့သည် သဘာဝအားဖြင့် ကံကိုယုံကြည်ကြသည် မဟုတ်ပေ။ စာရေးဆရာကြီး တက်တိုးရေးသော ''ကျွန်တော့်အတွေးအခေါ်မှတ်စုများ''ကိုဖတ်၍ လူငယ်တို့ စောစီးစွာ ဘဝသင်ခန်းစာ ရနိုင်သည်။ ဆရာတက်တိုးသည် ငယ်စဉ်က ကံကိုယုံကြည်ခဲ့သူ မဟုတ်ပေ။ ''ကံဆိုတာအလုပ်ပဲ၊  အလုပ်လုပ်ရင်ဖြစ်မှာပဲ'' စသည်ဖြင့် ပြောခဲ့သည်။

သို့သော် သူ့ဘဝတစ်လျှောက် အတွေ့အကြုံများအရ လုပ်တိုင်းလည်း မဖြစ်ကြောင်း တွေ့လာရသည်။

ထိုအခါ အတွေးအခေါ်တစ်ခုကို ရလာသည်။ ဆရာတက်တိုးက ''ဘယ်လောက်ပင် ကြိုးစားကြိုးစား ဖြစ်ချင်မှ ဖြစ်တာ၊ ဖြစ်ချင်ရာဖြစ်သွားသည်။ အကြောင်းအလှည့်သင့်လျှင် ဟုတ်တိပတ်တိ မကြိုးစားရဘဲနှင့်လည်း ဖြစ်သွားတတ်သည် စသည်ဖြင့်တွေ့ကြုံရ၏။ ကိုယ်တိုင်တွေ့သည့်အခါ တွေ့ရပြီး သူတစ်ပါး၌တွေ့ရကြောင်းကိုလည်း ကြုံရတတ်သည်။ ထိုအခါ ကံဆိုတာ အလုပ်၏ အကျိုးပေးဆိုသည့် အချက်ကို နားလည်သော်လည်း ယင်းအကျိုးပေးမှာ ထူးဆန်းအံ့ဖွယ်ဖြစ်ကြောင်း သိမြင်လာသည်။ အတိတ်ကာလ၌ ပြုသောအလုပ် (ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ) ၏ အကျိုးပေးကို အနာဂတ်ကာလ တစ်ခုတွင်လာ၍ ခံစားရသည်ဟု ယူဆလာသည်။ ယင်းယူဆချက်ကို လေ့လာသုံးသပ်ပြီးနောက် ကံ-ကံ၏အကျိုးကို ယုံကြည်လာသည်'' ဟူ၍ရေးသားထားသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် လူငယ်အချို့လမ်းမှားသို့ ရောက်သွားကြသည်။ လက်ရှိအစိုးရကို လက်နက်ကိုင်တော်လှန်ရန် စိတ်အားထက်သန်စွာဖြင့် သောင်းကျန်းသူများထံ တပည့်ခံကြသည်။ NLD လွှတ်တော်အမတ်ဟောင်းများက ဦးဆောင်လမ်းပြ သွေးထိုးပေးသည်။ သူတို့၏ ဆွေမျိုးညီအစ်ကို မောင်နှမတစ်ယောက်တလေမျှမပါ။လူငယ်တွေတော်လှန်ရေး လုပ်လို့အောင်မြင်လာလျှင် သူတို့က အသင့်ထိုင်စား

ရုံသာ။ အကယ်၍ လူငယ်တွေ ဆုံးရှုံးသွားလျှင်လည်း သူတို့အတွက်အရှုံးမရှိ။ ပြည်ပထောက်ပံ့ငွေများ၊ လူငယ်တွေကို အကြောင်းပြ၍ ကောက်ခံထားသော ငွေကြေးများက စားမကုန်သုံးမကုန် ရှိနေပြီ။ လမ်းမှားရောက်သွားသော လူငယ်များက တချို့က အဖြူထည်သက်သက်၊ တချို့က ငွေကြေးမပြေလည်၍ လုပ်ရသည်။ သိကြားရသမျှ သတင်းများတွင် NLD ပါတီဝင်များက ၎င်းတို့နှင့်အဆင်မပြေသူများကို ငွေကြေးပေး၍ သတ်ခိုင်းသည်။ လူတစ်ယောက်၏ အသက်သည် ငွေကျပ်ငါးသိန်းဖြင့် တန်ဖိုးဖြတ်ခံရသည်။

ကံ-ကံ၏ အကျိုးကိုပြန်လည်ဆက်စပ်ရလျှင် မကောင်းမှုပြုသူအတွက် မကောင်းကျိုးကိုသာ ပေးပါသည်။ သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားပြီးတော့မှတော့ သတ်သူရော ခိုင်းသူပါ ရာဇဝတ်ဘေးက ပြေးမလွတ်ပါ။ ပုန်းအောင်းနိုင်လျှင်လည်း တစ်ခဏမျှသာဖြစ်မည်။ ပုန်းအောင်းလို့ မရသည်ကတော့ကံ-ကံ၏ အကျိုးပေးဖြစ်သည်။ အကုသိုလ်ကံကို ကျူးလွန်လိုက်ခြင်းကြောင့် တမလွန်ဘဝ၌လည်း ငရဲကျခြင်း မကောင်းကျိုးကိုသာ ခံစားရသည်။ ကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်း မရှိပါ။ မလွဲမသွေဧကန်မုချ ဖြစ်တတ်သော သဘောရှိ၍ နိယာမတရားဟုခေါ်ဆိုသည်။

၂ဝ၂၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် သတင်းစာများတွင် ''မန္တလေးမြို့အတွင်း PDFအကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ'' သတင်း၊ ''ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့အတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည့် ဖယ်ခုံမြို့နယ် NLD ပါတီမှ ပီထယ်အောင် အပါအဝင် အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ'' သတင်း၊ ''အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရေစကြိုမြို့နယ်အတွင်းရှိ  ကျောင်းဝင်း တစ်ခုအတွင်းမှ ဖော်ထုတ်သိမ်းဆည်းရမိ''  သတင်း၊ ''မန္တလေးတိုင်းဒေသကြီး ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိ'' သတင်း၊ ''စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်း(၇၁) နှစ်အား သတ်ဖြတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ'' သတင်းနှင့် '' VOA နှင့် Frontier Myanmar သတင်းဌာနတို့၏ ပင်တိုင်ဆောင်းပါးရှင် အောင်ဆန်း(ခ) စည်သူအောင်မြင့်နှင့် BBC သတင်းဌာန အလွတ်တန်းသတင်းထောက် ထက်ထက်ခိုင်တို့အား ဖမ်းဆီးရမိ'' သတင်းများကို တွေ့ရသည်။

အဆိုပါဖမ်းဆီးရမိ သတင်းများတွင် ထူးခြားစွာတွေ့ရသည်မှာ အဆိပ်ခတ်သူများကို ဖမ်းမိခြင်းပင်ဖြစ်သည်။ မဟုတ်မမှန်သော သတင်းအမှားများ၊ နိုင်ငံတော်ပြိုကွဲရေးအတွက် ဖန်တီးရေးသားခြင်းများ၊ လူငယ်များအား လမ်းမှားသို့ရောက်အောင် သတင်းဆောင်းပါးများဖြင့် လုပ်ကြံဖန်တီးသူ နှစ်ဦးဖြစ်သည့် စည်သူအောင်မြင့်နှင့် ထက်ထက်ခိုင်တို့ကို ဖမ်းမိခြင်းသည်ကား လူငယ်များစွာတို့၏ အသက်ဘေးကို ကယ်တင်ပေးလိုက်ခြင်းဟု ဆိုရပေမည်။ အဆိုပါ အဆိပ်ခတ်နေသူများ၊ နောက်ကွယ်မှ ညွှန်ကြားစေခိုင်းသူ NLD ပါတီဝင် အဖျက်သမားများကို တစ်ယောက်မကျန် ဖမ်းမိနိုင်ပါစေ။ လူငယ်များ အနေဖြင့်လည်း ကံ-ကံ၏ အကျိုးကိုယုံကြည်ပြီး ကောင်းသောအလုပ်ကို လုပ်ကိုင်နိုင်ကြပါစေ။ ဖမ်းဆီးရမိအောင် စွမ်းဆောင်ခဲ့သူများကိုလည်း ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။