အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာပြည်သူလူထု၏ အမျိုးသားအကျိုးစီးပွားတိုးတက်ဖွံ့ဖြိုးရေးကိုဆောင်ရွက် နေသကဲ့သို့ ထိုအမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်သည့် ဘေးရန်အပေါင်းကိုလည်း ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အချို့သော ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏မဟာဗျူဟာကျသော ပထဝီနိုင်ငံရေးကိုဦးတည်၍ မြန်မာနိုင်ငံကို ချုပ်ကိုင် လွှမ်းမိုးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ မတူညီသော နိုင်ငံရေးစနစ်နှင့် အတွေးအခေါ်များလွှမ်းမိုးနေအောင် နည်းလမ်း မျိုးစုံကြိုးပမ်း လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းဖြစ်ပျက်နေသည့်အခြေအနေအရပ်ရပ်ကို မှန်ကန်တိကျစွာ သတင်းထုတ်ပြန် ပေးလျက်ရှိသည်။ သို့သော် မြန်မာတို့ပျက်စီးရေးကိုသာရှေးရှုနေသည့် အဖျက်အုပ်စုနိုင်ငံများက ထိုသတင်းမှန်များထက် အစိုးရကို ဆန့်ကျင်ပုန်ကန်နေသည့် အဖွဲ့အစည်းများ၏ သတင်းကိုအားကိုးပြုလျက်ရှိလေသည်။ အဓိကရည်ရွယ်ချက်သည် မြန်မာနိုင်ငံ ပျက်စီးရေးကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေါင်းကူးပေးရာ နေရာတစ်ခုဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသသည် စီးပွားရေး အရဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေလွန်စွာအရေးပါလှသည်။ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေလမ်းကြောင်းတွင် မုတ္တမပင်လယ်ကွေ့မှ မလက္ကာရေလက်ကြား၏အရှေ့ဘက်သို့လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ အိန္ဒိယသမုဒ္ဒရာသို့ထွက်၍ အနောက်ဘက်သို့လည်းကောင်း ရေလမ်း ကြောင်းများရှိသည်။ မြန်မာနိုင်ငံ၏အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အနောက်ဘက်တွင် အိန္ဒိယပြည်သူ့သမ္မတနိုင်ငံတို့သည် အင်အားကြီးနိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ် ဒေသသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အလားအလာအကောင်းဆုံးဖြစ်နေပြီး နိုင်ငံရေးအရအရေးပါသောဒေသဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံကြီးများက အထူးအာရုံစိုက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ အခြားသောနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာခြင်းမျိုးကိုလည်း လက်ခံမည်မဟုတ်ပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ရှင်သန်ရေးကိုအလေးထားသည်။ တပ်မတော်သည် ပြည်သူများလိုလားသော ဒီမိုကရေစီစနစ်ကို စတင်ပျိုးထောင် တည်ဆောက်ပေးခဲ့သည့်အတိုင်း ထိုဒီမိုကရေစီစနစ်ပျက်ယွင်းသွားမည်ကို လုံးဝမလိုလားပါ။ အခြားသော ကမ္ဘာ့နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် မြင်တွေ့လိုသည်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ကျင့်သုံး နေခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အလိုကျ သြဇာခံအစိုးရတစ်ရပ်ဖြစ်ပေါ်နေစေရေးကိုသာရှေးရှုနေခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိပေါ်ပေါက်ခဲ့သောအစိုးရသည် ၎င်းတို့အလိုကျလိုက်လျောမှုပြုခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်သူတို့သည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအမျိုးသား အကျိုးစီးပွားဆိုသည်ထက် ပြည်ပအလိုကျ လိုက်ပါဆောင်ရွက်မှုများသာ ပြုလုပ်ခဲ့သည်။ ထင်ရှားသောသက်သေမှာ နိုင်ငံခြားသားအကြံပေးများ ခန့်အပ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်စေခြင်းဖြစ်သည်။

ထို့ထက်ပို၍ ဆိုးရွားလွန်းသည်မှာ တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေခြင်းဖြစ်သည်။ထင်ရှားသောအချက်မှာ မြန်မာနိုင်ငံအား မိုင်ပေါင်းများစွာဝေးကွာသော နိုင်ငံလေးတစ်နိုင်ငံက ICJ ကမ္ဘာ့တရားရုံးတွင်အမှုစွဲဆိုစေခြင်းဖြစ်သည်။ တာဝန်ရှိ အစိုးရအနေဖြင့် ထိုဖြေရှင်းချက်ကို မြန်မာဘာသာသို့ တိကျစွာပြန်ဆိုပေးရန် ပြည်သူအများကတောင်းဆိုခဲ့ခြင်းကိုလည်း ငြင်းပယ်ခဲ့သည်။ ကမ္ဘာတွင်မည်သည့်နိုင်ငံကမျှ လက်ခံနိုင်ဖွယ်မရှိသော မဲမသမာမှုကိုလုပ်ဆောင်ခဲ့ပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးစားခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်သော အစိုးရတစ်ရပ်ရှိနေခြင်းကို နှစ်သက် အားရကြသည်။ မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးတစ်မျိုးအမည်ကို လုံးဝမရှိကြောင်း ပြတ်ပြတ်သားသားပြောဆိုခြင်းကို ဂုဏ်ယူသည်။ ပြည်ပနိုင်ငံအချို့အနေဖြင့်မူ ထိုသို့မဟုတ်ပေ။ ယင်းတို့အလိုကျအစိုးရတစ်ရပ်ဖြစ်မလာသည့်အခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးပြုလုပ်ငန်းများ မည်သို့ပင်ဆောင်ရွက်နေစေကာမူ နှောင့်ယှက်နေ မည်သာဖြစ်သည်။  အသုံးပြုနေကျစကားလုံးများဖြစ်သော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိုအကြောင်းပြု၍ ပြည်တွင်းရေးတွင် စွက်ဖက်နှောင့်ယှက်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်နေသည်မို့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။   ။