အမှောင်ပယ်ဖျောက် အလင်းလျှောက်စို့

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၁၄  ရက်)

မိဘတိုင်းသည် သားသမီးတို့အပေါ် ရင်သွေးဟူက ချစ်မဝသည်ချည်းဖြစ်သည်။ သားသမီးတိုင်းသည် မိဘတို့ကို ချစ်ချင်မှချစ်ပေလိမ့်မည်။ မိဘတိုင်းကတော့ သားသမီးတိုင်းကို ချစ်ကြသည်မှာ ဓမ္မတာဖြစ်သည်။

ယနေ့ခေတ်တွင် ရောယှက်နွှယ်သော ယဉ်ကျေးမှုများ ပူးကပ်လာသဖြင့် အချို့သော သားသမီးတို့သည် မိဘတို့ကို တန်ဖိုးထားရမှန်း မသိတော့။ မိဘတိုင်းသည် သားသမီးတို့အပေါ် ကျရောက်လာမည့် အန္တရာယ်ကို ကြိုတင်မြင်တတ်ကြသည်။ မကောင်းသောဘေးကို မကြုံစေလို၍ ဘယ်လမ်းကိုမသွားနဲ့၊ ဘယ်သူနဲ့မပေါင်းနဲ့ စသည်ဖြင့် မိဘတို့က သားသမီးတို့ကို တားမြစ်တတ်သည်။ မိဘစကား နားမထောင်သော သားသမီးတို့သည် ဒုက္ခနှင့်ရင်ဆိုင်တိုးကြရသည်။

လူအများလူစုလူဝေး နေရာများသို့ သွားကြည့်ချင်သည်။ ဘာတွေဖြစ်နေသလဲ စူးစမ်းချင်သည်။ ထိုမှတစ်ဆင့် အပေါင်းအသင်းများ၏ ဆွဲဆောင်မှုဖြင့် သူများခေါ်ဆောင်ရာသို့ လိုက်ပါ သွားတတ်ကြသည်။

မင်းမလိုက်ရဲဘူးလား၊ သတ္တိမရှိဘူးလားဟူသော သွေးတိုးစမ်း စကားများဖြင့် မခံချင်စိတ်ဖြစ်အောင် ဆွပေးတတ်ကြသည်။ ထိုအခါ မင်း...သွားရဲရင်၊ ငါလည်း သွားရဲတယ်ကွာ ဟူသောစိတ်ဖြင့် နယ်မြေသစ်များသို့ ရောက်သွားကြသည်။ မိဘအိမ်တွင် ရေအဆင်သင့်၊ မီးအဆင်သင့်၊ ထမင်း/ဟင်း အဆင်သင့် စားသောက်နေထိုင်ရသော ကလေးသည် တောတောင်ထဲတွင် လူပင်ပန်း၊ စိတ်ပင်ပန်းနှင့် အရှင်လတ်လတ် ငရဲကျသည့်နှယ် ကြုံတွေ့ရတော့သည်။

ထိုအခါကျမှ မိဘရင်ခွင် တမ်းတလာသည်။ အမေနဲ့ရွာကို လွမ်းသည့်အဖြစ်တို့ ကြုံလာသည်။ သားမှားပြီ မေမေရဲ့ အော်နေသော်လည်း မိဘတွေက ကြားမည်မဟုတ်တော့။ ပညာက တစ်ပိုင်းတစ်စ အသက်က လူလားမမြောက်၊ ကြောက်စရာအဖြစ်ဆိုးနှင့် ကြုံနေကြရသည်။ ကျောင်းတွေဖွင့်တော့မည် ကြားသောအခါ ကျောင်းပြန်တက်ချင်သည်။ မိဘထံ ပြန်ချင်နေသည်။ ထိုအချက်အလက်ကို ကောင်းစွာသိရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်။

နိုင်ငံတော် အကြီးအကဲသည် လူငယ်မောင်မယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားသည်။ အထူးသဖြင့် မသိနားမလည်၍ မိုက်မှားမိသူများကို သည်းခံခွင့်လွှတ်သည်။ ဆူပူအကြမ်းဖက်မှုတွင် ပါဝင်၍ ဖမ်းဆီးမိသော်လည်း ရိုးသားသော ကျောင်းသားများကို မိဘများ လက်ဝယ်သို့ ပြန်လည်အပ်နှံပေးခဲ့သည်။ အစားအသောက်ကျွေး၊ အသိပညာ ဖြည့်ပေးပြီး မိဘရပ်ထံ စနစ်တကျပြန်အပ်ခဲ့ရသော သတင်းများကို အားလုံး မြင်တွေ့ကြပြီးဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း သတင်းထုတ်ပြန်ချက်ကို ရုပ်မြင်သံကြားများတွင် လည်းကောင်း၊ သတင်းစာများတွင် လည်းကောင်း နေ့စဉ်ဖော်ပြပေးနေပါသည်။ သိပါစေ၊ ကြားပါစေ တစ်ယောက်မဟုတ် တစ်ယောက် သိနိုင်ကြပါစေဟူသော စိတ်ထားကောင်းဖြင့် နေ့စဉ်ကြေညာပေးနေခြင်း ဖြစ်သည်။ မိဘဆွေမျိုးများ၏ သောကကို စာနာစိတ်ဖြင့် သတင်း ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းယူခဲ့ရသည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှစ၍ NLDပါတီဝင်များ၊ ထောက်ခံသူ အစွန်းရောက်များ၊ CRPHအမည်ခံ မတရားအသင်း၊ CDM လှုံ့ဆော်မှုနှင့် ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်လျက်ရှိသည်။

တိမ်းရှောင် ရောက်ရှိရာနေရာများတွင် လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေမှု၊  CRPH  မတရားအသင်း၊ ယင်းနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့ကို ကြောက်လန့်နေရမှု၊ ပင်ပန်းဆင်းရဲချို့တဲ့စွာ နေထိုင်နေရမှုတို့ကြောင့် တိမ်းရှောင်နေသူများမှာ မိမိတို့နေရပ်ဒေသ အသီးသီးသို့ပြန်လာလိုသည့် ဆန္ဒများ ဖြစ်ပေါ်နေပါသည်။ တိမ်းရှောင်နေသူများသည် မြန်မာနိုင်ငံသားများသာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက စီမံ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ တိမ်းရှောင်နေသူများထဲတွင် အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှ အပ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအရ ပြန်လာလိုပါက ဥပဒေအရ အရေးယူမှုမရှိဘဲ ပြန်လည်ဝင်ရောက်ရေး နီးစပ်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ပြည်ပရောက် နိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်ကြပါရန် သတင်းထုတ်ပြန်ထားရှိပါသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၊  နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများ အနေဖြင့် အမှောင်လမ်းမှာ စမ်းတဝါးဝါး လျှောက်နေမည့်အစား အလင်းတန်းမှာ ဝင့်ကြွားတောက်ပစွာ လျှောက်လှမ်း သင့်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။