အလင်းဝေဖြာနေသော သာသနာတော်

 တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌမသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋကတ် သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ခြင်းမှစတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သည်။ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရရှိရန်အတွက် အာဂုံဖြေဆိုအောင်မြင်ပြီးမှသာ သဘောရေးဖြေစာမေးပွဲကိုဖြေဆိုကြရသည်။ ရဟန်း တော်များနှင့် သာမဏေများသာဖြေဆိုခွင့်ရပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကိုဖြစ်စေ၊ ဝိနယဝိဒူတန်းကိုဖြစ်စေ၊ သာမဏေ ကျော်တတိယအဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲစာသင်တန်းကိုဖြစ်စေ တစ်ခုခုအောင်မြင်ပြီးသူသာ ဖြေဆို ခွင့်ရှိသောစာမေးပွဲကြီးလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမအကြိမ်မှ ကျင်းပပြီးစီးခဲ့သည့် ၇၂ ကြိမ်အတွင်း ပထမဦးဆုံးသောတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသအပါအဝင် သာသနာ့အာဇာနည် ၁၅ ပါး ပေါ်ထွန်းထားပြီးဖြစ်သည်။ သက်ရှိထင်ရှား တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရဆရာတော် ၁၁ ပါးရှိသည်။ တိပိဋကဓရ ပိဋကတ်သုံးပုံအာဂုံဆောင် သာသနာ့ အာဇာနည် အရှင်သူမြတ်ကြီး ခုနစ်ပါးပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကိုသယ်ပိုးလျက်ရှိကြောင်း သိရသည်။

(၇၃)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးတွင်စာဖြေသံဃာ ၁၇၁ ပါးဖြေဆို ခဲ့သည်။ ထိုစာမေးပွဲမှ သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခံယူကြမည့် သာသနာ့အာဇာနည်အရှင်မြတ် ၁၁ ပါးပေါ်ထွန်းခဲ့သည်။ ထိုသာသနာ့ အာဇာနည်များ အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ချီးကျူး ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါတိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာသုံးဖြာသောပိဋကတ်တို့ကို စာအုပ်စာပေ၊  ကျောက်စာတို့ဖြင့်  အပြင်ပိုင်းဗဟိဒ္ဓ၌မပျောက်ပျက်အောင်ထိန်းသိမ်းရုံမကဘဲ   သာသနာ့အာဇာနည်အရှင်မြတ်များ၏ အတွင်းပိုင်းအဇ္ဈတ္တသန္တာန်၌ အစဉ်ထာဝရကိန်းဝပ်တည်ရှိနေအောင် ရည်ရွယ်ကျင်းပသည့် စာမေးပွဲကြီးဖြစ်ပေသည်။

သုတ်၊ ဝိနည်း၊  အဘိဓမ္မာသုံးဖြာသောပိဋကတ်တို့ကို  ကျက်မှတ်၍ဖြေဆိုခဲ့ကြသဖြင့် အောင်မြင်မှုရခဲ့ခြင်းသည်  မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝအောင်ဖြည့်ကျင့်နေခြင်းဖြစ်သည်။ သာသနာ့အာဇာနည်အရှင်မြတ်များအနေဖြင့် မိမိတို့သည်မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝအောင် ဖြည့်ကျင့်နေသူများပါတကားဟု နှလုံးသွင်း ဆင်ခြင်၍ကြည်လင်ရွှင်ပျ ဝမ်းမြောက်သင့်ကြပေသည်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံပွားများ ကြိုးစားအားထုတ်ကြမှသာ မြတ်စွာဘုရားရှင်၏ဆန္ဒတော်ကိုပြည့်စုံအောင် ဖြည့်ကျင့် ရာရောက်သည့်အပြင် မြတ်စွာဘုရားရှင်၏သာသနာတော်တည်းဟူသော အလင်းရောင်ကြီးကို မှေးမှိန်ကွယ်ပျောက်ခြင်း မရှိအောင် စောင့်ရှောက်ရာလည်းရောက်ပါသည်။ နေမင်းကြီးတည်ရှိနေသောအခါ အရောင်အလင်းကိုတွေ့မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြား တော်မူအပ်သော သုတ္တန်၊ အဘိဓမ္မာဒေသနာတော်များထင်ရှားရှိနေသမျှ၊ ဝိနည်းတရားတော်များထွန်းကား နေသမျှ ကာလပတ်လုံး သူတော်ကောင်းတရား ဘုရားသာသနာတော်တည်းဟူသော အရောင်အလင်းကို တွေ့မြင်နေကြရလိမ့်မည်။ နေမင်းကြီးဝင်သွားသည်ရှိသော် လောကကြီး၌အမိုက်အမှောင်ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ္တန်၊ အဘိဓမ္မာ၊ ဒေသနာတော်များ ထင်ရှားမရှိခဲ့သော် လောကကြီး၌ မသူတော်တရားတည်းဟူသော အမိုက်မှောင်ကြီးသာ ဖြစ်ပေါ် နေပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုး၊ ဘာသာ၊ သာသနာတော်ကို အလေးထားချီးမြှောက်လျက်ရှိပါသည်။ ဗုဒ္ဓဘာ သာသာသနာတော် နေလိုလလိုထွန်းလင်းလျက် ကမ္ဘာတည်သရွေ့ သာသနာတော်တည်တံ့ခိုင်မြဲရေးကို ဦးထိပ်ထားလျက်ရှိပါသည်။ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒသာသနာတော်သုံးရပ်ခိုင်မြဲနေသမျှ သာသနာတော်သည်လည်း တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ ထိုသို့ တည်တံ့စေရန်အတွက်လည်းဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသော ပစ္စည်းလေးပါးတို့ကိုလည်း ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုပြုနေကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် ဆရာဒကာ လက်တွဲညီညာ သာသနာ တော်ကို စောင့်ရှောက်နေသမျှ သာသနာတော်သည် အလင်းရောင်ဖြာလျက်ရှိနေမည်သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။