အသက်ရှင်လျက်နှင့်လူဖြစ်ရှုံးသူများ

ယနေ့လူငယ်မောင်မယ်များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအပြောင်းအလဲကို ထဲထဲဝင်ဝင် လေ့လာ သိရှိသူနည်းလှသည်။ ဖြစ်ရပ်မှန်များသည် လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ရှားလှသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၆)မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်း ထားသော်လည်း ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများ၊ ၂ ကြိမ်ပါဝင်နေသူများ လွန်စွာများပြားလှသည်။ နိုင်ငံသားစိစစ်ရေးကတ်မပါရှိဘဲ မဲပေးမှုကိုလက်ခံဆောင်ရွက်ခြင်း၊ ကြိုတင်မဲများကောက်ခံရာတွင်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆန္ဒမဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့သောမဲမသမာမှုများရှိနေကြောင်းကို အခြားသောပါတီပေါင်းစုံနှင့် တပ်မတော်ကအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တာဝန်ရှိသူများထံတင်ပြခဲ့သည်။ လုံးဝဖြေရှင်းပေးခြင်း မရှိသည့်အပြင် ပါတီစုံဒီမိုကရေစီ စနစ်မှ တစ်ပါတီအာဏာရှင်စနစ်ဆီသို့သာ ဦးတည်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်း ပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။ ထိုစနစ်ကိုတရားမျှတစွာ မကျင့်သုံးဘဲ မိမိ တို့တစ်ပါတီတည်းကြီးစိုးရေး၊ အာဏာရရှိရေးကိုလုပ်ဆောင်ခြင်းသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအပြောင်းအလဲတစ်ခုပေါ်ပေါက်လာရ ခြင်းဖြစ်သည်။

ဤသည်ကို လူငယ်များ လေ့လာသိရှိသင့်သည်။ ထိုသို့မလေ့လာ၊ မသိရှိသောအခါ ဆူပူအကြမ်းဖက် သွေးထိုး လှုံ့ဆော်သူတို့၏ လက်တွင်းသို့ သက်ဆင်းကျရောက်သွားကြသည်။ လက်ရှိနိုင်ငံတော်အစိုးရသည် ဒီမိုကရေစီ အစိုးရသာဖြစ်သည်။ ဒီမိုကရေစီစနစ်ပျက်ယွင်းမသွားအောင် ခေတ္တတာဝန်ယူထားခြင်းဖြစ်သည်။ ထိုအစိုးရ တာဝန်ယူစကာလတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများရှိခဲ့သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည် ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို ပိတ်ပင်တားမြစ်ခြင်းမရှိခဲ့ပါ။ သို့သော် နောက်ပိုင်းတွင် လက်နက်အမျိုးမျိုး ကိုင် ဆောင်ကာ ဆူပူအကြမ်းဖက်မှု၊ မီးရှို့သတ်ဖြတ်မှုများ လုပ်ဆောင်လာသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရသည်အထိ မင်းမဲ့စရိုက်ဆန်လာသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက် ရောက်ပြီး ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ခဲ့မှုအား ဖော်ထုတ်ရရှိမှုသတင်းကို မေ ၂၀ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ တရားခံ ၂၂ ဦး၏ ဆက်စပ်မှုအခြေပြ Diagram ကိုလည်းပြသထားသည်။ အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သော လူငယ်များ အနေဖြင့် အဖျက်အမှောင့်ဆောင်ရွက်လိုသော လူတစ်စု၏ သွေးဆောင်စည်းရုံးမှု၊ ချိတ်ဆက်ပေးမှုကြောင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများတက်ရောက်သည်။ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ပြင်ဆင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ရန်ကုန်မြို့တွင်းဆန္ဒပြပွဲများ၊ မီးပုလင်းပစ်မီးရှို့မှုများ တွင် ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် အဖျက်အမှောင့်ဆောင်ရွက်လိုသော လူတစ်စု၏မက်လုံးပေးပြောဆို စည်းရုံးမှု၊ ချိတ်ဆက်ပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ နယ်မြေအတွင်းသို့ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ရန် သွားရောက်ခဲ့ကြောင်းသိရှိရသည်။ ဖမ်းဆီးရမိသူ ၂၂ ဦးတွင် အများစုမှာ လူငယ်မောင်မယ်များဖြစ်ကြသည်။

လူငယ်တို့သည် စိတ်ခံစားမှုကို ဦးစားပေးတတ်ကြသည်။ ဘေးကပြောဆိုစည်းရုံးသည်ကို ယုံကြည်လွယ် ကြသည်။ တက်ကြွရဲရင့်သောစိတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရသည်ကို အမှန်ထင်နေသည်။ မိမိတို့ကြောင့် သူတစ်ပါးဒဏ်ရာ အနာတရဖြစ်နေလျှင် ဝမ်းမြောက်ကြသည်။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုစကားကို မေ့နေကြသည်။ သူတစ်ပါးကိုသတ်ဖြတ်ဖို့ တောထဲတွင် ဒုက္ခပေါင်းများစွာခံခဲ့ရသည်။ သူတစ်ပါး အသက်အိုးအိမ်ပျက်စီးရေးမလုပ်ဆောင်နိုင်မီမှာပင် ဖမ်းဆီးခံလိုက်ရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရန်ပါဝင်ပတ်သက်သူ ၂၂ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ထားသည်။

တန်ဖိုးရှိသောလူငယ်ဘဝသည် အသက်ရှင်လျက်နှင့်လူဖြစ်ရှုံးရသော အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်ပေရာ  ဤသည်ကိုလူငယ်မောင်မယ်တို့ သင်ခန်းစာယူကြပါရန် ရေးသားလိုက်ရပေသည်။   ။