အသိပညာနှင့် အတတ်ပညာတွင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြပါစေ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  မေ   ၃ဝ  ရက်)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင်ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ် ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ် ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ် လူငယ်များကို ဘက်ပေါင်းစုံတွင်  ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက် ရှိပါသည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြသည်။

မျိုးဆက်သစ်တို့ အနေဖြင့် အရာရာတွင် တော်နေတတ်နေဖို့ လိုသည်။ သူတို့ကိုယ်တိုင် ကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ  ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအားအပေါ် မူတည်ပြီး ထူးချွန်ထက်မြက် မည်သာဖြစ်သည်။

ပညာတတ်ချင်း တူလျှင်သော်မှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။

နိုင်ငံတော်ကိုခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သကဲ့သို့ အတတ်ပညာ တစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစားသင့်လှပေသည်။

အသိပညာ အတတ်ပညာများ အတွက် အကောင်းဆုံး မိတ်ဆွေမှာ စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြစ်သည်။

အလိမ္မာစာမှာရှိသည် ဆိုသည့်အတိုင်း အကျိုးရှိသည့် စာများကို များများ ဖတ်ကြရမည်သာဖြစ်သည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကို စူးစမ်းလိုကြသည်။

ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်းသည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ်ဆေးဝါးလေး တစ်ပြားလောက် စူးစမ်းမိလျှင်ကား မိမိဘဝ၏ တိုးတက်မှုကိုဖျက်ဆီးနင်းခြေ ပစ်လိုက်သည်နှင့်တူပေသည်။

အတုယူလွဲမှားခြင်း မရှိအောင် ပြုမူနေထိုင် သင့်လှပေသည်။

ယနေ့ခေတ်သည် နည်းပညာခေတ် ဖြစ်သည်နှင့်အညီ နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူလွဲမှားစေသော အရာများ တွေ့မြင်နေကြရသည်။ ယနေ့လူငယ်များ ဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက် ကြီးပွားရေးအတွက်သာ ဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင် လေ့လာသိရှိထားသင့်သည်။

၂ဝ၂၁ ခုနှစ် မေ ၂၄ ရက်နေ့က ကျင်းပသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၁/၂ဝ၂၁)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက''ဆိုသည့်အတိုင်း စာသင်ကျောင်းမှ အမျိုးသား စည်းကမ်းများကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရေးကိုသာ အလေးထားစေလိုကြောင်း၊ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို  ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊  ပြည်သူများ ပညာတတ်ဖြစ်စေရေးသည် အရေးကြီးသဖြင့် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊  နိုင်ငံသားတိုင်း နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမှသာ နိုင်ငံကြီးပွား တိုးတက်မည်ဖြစ်ပြီး  နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိရန်အတွက် ပညာရေးတွင် အခြေခံကောင်းရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်ကို ပြန်လည်ကြားယောင်မိပါသည်။

နိုင်ငံတော်စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာပြုစု ပျိုးထောင်ပေးခြင်း ဖြစ်သည်။ အနာဂတ်တွင် အသိပညာရှင် အတတ်ပညာရှင်များ ဖြစ်လာကြမည့် လူငယ်အပေါင်းတို့သည် မိမိတို့အတွက် အသိပညာ အတတ်ပညာများ တိုးတက်သည်ထက် တိုးတက်အောင် ရှာဖွေရာတွင် အတုယူလွဲမှားမှု မရှိစေချင်ပါ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာကဗျာဆိုသည်မှာ ကာရန်လည်းညီ၊ အဓိပ္ပာယ်လည်း ရှိရမည်ဖြစ်သည်။ ကာရန်မညီသော ကဗျာသည် ကဗျာကောင်းတစ်ပုဒ် ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ယနေ့လူငယ်မောင်မယ်များ အနေဖြင့် အသိပညာ အတတ်ပညာတွင် ထူးချွန်ထက်မြက်သူများ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေကြောင်း မြဝတီက ဆုတောင်းပါသည်။ ။