အသိအမြင် မှန်ရကြပါစေ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၁၅  ရက်) ပထမဦးစွာ လမ်းပေါ်မှာ ကားတွေပျက်ကြသည်။ နောက်ကြက်သွန်တွေ ကောက်ကြသည်။ နောက်သဲအိတ်တွေဖြင့် လမ်းတွေကိုပိတ်သည်။ တာယာကွင်းတွေနှင့် လမ်းမပေါ်မီးရှို့သည်။ ဆေးရုံတွေမှာ CDM  မလုပ်လျှင် ဆေးရုံရှေ့ကနေ ဆန္ဒပြကြသည်။ အလုပ်ဆင်းသည့် ရုံးများသို့ဝင်ကာ အတင်းဝင်ဆွဲသည်။ ရုံးတံခါးများကို သော့ခတ်သည်။ အကိုတို့မှမကယ်ရင် ကလေးတွေ အနာဂတ်ပျက်ပါပြီဟု ပြောဆိုငိုယိုသည်။ ပြောမရသောအခါ ရန်ပြုသည်။ အုပ်စုဖွဲ့ လှုပ်ရှားနေသော အမျိုးသမီးနှင့် အဖွဲ့ကို ထင်ထင်ရှားရှား မြင်တွေ့ကြရသည်။

နောက်ဘဏ်တွေကို ပိတ်ဆို့ဆန္ဒပြသည်။ ထို့နောက် စက်ရုံတွေကို မီးရှို့သည်။ လူအရှင်လတ်လတ်ကို တာယာကွင်းနဲ့ မီးရှို့သတ်သည်။ လူသားအချင်းချင်း ရက်ရက်စက်စက် အနိုင်ကျင့်သည်။ မျက်လုံးကိုဓားနဲ့လှီးပြီး ဖောက်ထုတ်သည်။ ဒလန်ဆိုပြီး အမျိုးသမီးတွေကိုပါ ဓားနဲ့ထိုးသတ်သည်။ ဆရာ၊ ဆရာမတွေကို ဂါရဝတရားကင်းမဲ့စွာ အကြမ်းဖက် အရှက်ခွဲသည်။ ဈေးတွေပိတ်ထားရန် လှုံ့ဆော်ခြိမ်းခြောက်သည်။ ကျောင်းတွေပြန်မဖွင့်အောင်၊ ဘဏ်တွေမဖွင့်အောင် ဗုံးခွဲသည်။ ဆေးရုံတွေကိုဗုံးခွဲသည်။ စာသင်ကျောင်းတွေကို မီးရှို့သည်။ အများပြည်သူ အသုံးပြုသော နေရာတွေကိုဗုံးခွဲသည်။ အဖျက်လုပ်ရပ် မှန်သမျှကမ်းကုန်အောင် လုပ်ဆောင်သည်။

ကာတွန်းဆရာ မာဃ၏ ကာတွန်းတစ်ကွက်ကို အလွန်သဘောကျသည်။ CRPH နှင့် ယင်းက ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ယင်းက ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ကို ကမ္ဘာ့အကြမ်းဖက်အဖွဲ့ (IS) တွေက ကန်တော့ပွဲဖြင့် လာရောက် ကန်တော့သည်။ ကန်တော့နေပုံ စာသားတွင် ''ကျုပ်တို့ IS ISတွေက မိုင်းခွဲတယ်၊ လူသတ်တယ်၊ ဗုံးထောင်တယ်၊ ဆရာတို့အဖွဲ့က ကိုယ့်ထက်ကြမ်းတဲ့အပြင် ကျောင်းလည်းမတက်ခိုင်း၊ ဆေးလည်း မကုခိုင်းဆိုတော့ ကျုပ်တို့ထက်ကြမ်းလို့ လာပြီးဂါရဝပြုတာ''ဟူ၍ ရေးထားသည်။ အမည်းတွေက အနီအစွန်းရောက်တွေကို ဂါရဝပြု ဆရာတင်နေပုံကို သရုပ်ဖော်ထားသည်မှာ ပီပီပြင်ပြင်ရှိလှသည်။

လူသားတို့၏ ကျန်းမာရေး၊ ပညာရေးကို ပိတ်ပင်တားဆီးသော အဖွဲ့သည် သာမန်အကြမ်းဖက် အဖွဲ့မဟုတ်တော့ပါ။ IS ကပင် ဆရာတင်ရသော အဖွဲ့ဖြစ်နေပါပြီ။ ထို့ထက်ဆိုးသည်က ကလေးတွေကိုပါ ကျောင်းတက်ရင် သတ်ဖြတ်မယ်လို့ ယုတ်ယုတ်မာမာ ခြိမ်းခြောက်နေခြင်းသည် အလွန့်အလွန် (အရမ်းအရမ်း) အောက်တန်းကျသူများဖြစ်သည်။ လေးတန်းအောင် အမတ်အဆင့်က အမိန့်ပေးသမျှ လိုက်ပါ လုပ်ဆောင်နေသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဝန်များသည်လည်း ကမ္ဘာ့အံ့ဖွယ်ဖြစ်သည်။

ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများထဲက အများစုသည် ဒီမိုကရေစီခေတ်ဦး(၂ဝ၁၁ ခုနှစ်)မတိုင်မီ အုပ်ချုပ်ခဲ့သော အစိုးရက နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ပေးထားသူများ ပါဝင်သည်။ နည်းပညာပိုင်း ဆိုင်ရာတွင် တပ်မတော် အရာရှိများနည်းတူ တတ်မြောက်စေချင်လွန်း၍ ရုရှားနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများစွာသို့ ပညာသင်စေလွှတ် တတ်မြောက်သူများဖြစ်ကြသည်။ ထိုသူများက ပညာမဲ့တို့၏ အမိန့်ကိုနာခံလျက် CDM  တွင် ပါဝင်ကြသည်။ ယခုတော့ မိမိပြုသည့်ကံသည် မိမိကိုကောင်းစွာ အကျိုးပေးလေပြီ။ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅ဝ၅-က ဖြင့် အမှုဖွင့်ခံကြပြီး တရားခံပြေးများ ဖြစ်နေကြသည်။

တရားခံပြေးကို မည်သူ လက်ခံရဲပါမည်နည်း။ CDM တွင် ပါဝင်သော ဆရာဝန်တစ်ဦးကို မည်သည့်ကိုယ်ပိုင်ဆေးရုံကမျှ လက်ခံမည်မဟုတ်။ စီးပွားရေး လုပ်ငန်းရှင်မှန်သမျှသည် သူတို့၏ကိုယ်ကျိုးစီးပွားကို ထိခိုက်ခံနိုင်မည်မဟုတ်။ လုပ်ငန်း ပိတ်သိမ်းခံမလား။ CDM ဆရာဝန်ကို မောင်းထုတ်မလားဆိုလျှင် ဒုတိယအချက်ကိုသာ လက်တွေ့ကျက ျရွေးကြပါလိမ့်မည်။ ဃီြ ဆရာကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၏ ဘဝသည် အသက်ရှင်လျက်နှင့် သေနေကြသူများသာဖြစ်သည်။ ဤသို့ဆိုလျှင် ဘာလုပ်သင့်ပါသနည်း။ မိမိ၏ အမှားကိုအစိုးရထံ ဝန်ချတောင်းပန်ခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်ပေသည်။

ထိုနည်းတူစွာ ဆက်ကာရေးသားရလျှင် ကမ္ဘာတွင် တရားဝင် အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံတိုင်းသည် တရားဝင် ရပ်တည်နေသော နိုင်ငံတော်အစိုးရ အချင်းချင်းကိုသာ အသိအမှတ်ပြုပါသည်။ အထင်ရှားဆုံးသော သက်သေအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အသိအမှတ် မပြုသည့်အနေဖြင့် သံရုံးပိတ်သိမ်းသွားသော နိုင်ငံတစ်နိုင်ငံမျှမရှိပါ။ ၂ဝ၂၁ ခုနှစ် ဧပြီ ၂၄ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ပြီး မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ဖြစ်သည်။

NLD ပါတီဝင်များနှင့် အစွန်းရောက်ဝန်းရံသူများသည် ဤအချက်ကို သိထားပြီးဖြစ်သည်။ CRPH နှင့် ယင်းကဖွဲ့စည်းထားသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ယင်းကဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့မှာ လေမှာလွင့်မျောနေသော စက္ကူကျားမျှသာ ဖြစ်သည်။ လေထဲမှ ခိုင်းစေသမျှ လိုက်ပါလုပ်ဆောင်နေသူတို့ အခြေအနေမှန်မှာလည်း ဗုံးစမ်းသပ်ဖောက်ခွဲ၍ သေသွားသူ၊ ဒဏ်ရာရကာ လူစဉ်မမီဖြစ်သွားသူများသာ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် ကွင်းဆက်ဖမ်းဆီး ရမိသူများမှာလည်း ရေတွက်လို့ မဆုံးနိုင်အောင် များပြားလှသည်။ သစ္စာဖောက်တို့ သွားရာလမ်း၏ နောက်ဆုံးပန်းတိုင်မှာ ရာဇဝတ်ဘေး ပြေးမလွတ်ခြင်းသာဖြစ်သည်။ သို့ဖြစ်ပါ၍ ငယ်ငယ်ရွယ်ရွယ်နှင့် မိုက်နေသူများ၊ ကြီးမှမိုက်နေသူများအားလုံး အသိအမြင်မှန် ရကြပါစေကြောင်း စေတနာရှေ့ထား ရေးသားလိုက်ရပေသည်။