အာဆီယံအပေါင်း ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး

အာဆီယံအပေါင်း ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၂ဝ  ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းမှန်သို့ ရောက်ရှိရေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေး ဦးတည်ချက် (၃)ရပ်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ အတိုင်း အလေးထား လုပ်ဆောင်ရေးဟူသော ဦးတည်ချက် (၂)ရပ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက် ရှိသည့်အစီအမံဖြစ်သည်။

ထိုသို့ပြည်တွင်းရေးကို ကောင်းမွန်စွာ တည်ဆောက်နေသည်နှင့်အတူ ပြည်ပဆက်ဆံရေး အတွက်လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ''မူ''ကို ဆက်လက် လိုက်နာကျင့်သုံးရေး ဟူသော ဦးတည်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် ပြည်ပနိုင်ငံများ၏ တရားဝင်သဘောထား မည်သို့ရှိမည်ကို နိုင်ငံရေးလေ့လာသူတိုင်းက သိကြသည်။  အပြည်ပြည်ဆိုင်ရာ ညီလာခံများတွင် ပါဝင်ခြင်း၊ အာဆီယံအစည်းအဝေးများ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများတွင် ကိုဗစ်-၁၉ ကြောင့် လူတွေ့မလုပ်နိုင်သော်လည်း Zoom Meeting များနှင့် Online Meeting များတွင် ပါဝင်တက်ရောက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော အဖွဲ့သည် ဇွန် ၁၅ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ် နိုင်ငံက ဦးစီးကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-တရုတ်မိတ်ဖက် ဆက်ဆံရေးနှစ်(၃ဝ)ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ-တရုတ်ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

ထို့အတူ ဇွန် ၁၆ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ဦးစီး ကျင်းပသည့်(၈)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော အဖွဲ့သည်  ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမမှ ပါဝင်တက်ရောက်ခဲ့သည်။အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ အာဆီယံအပေါင်း နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် ပြောင်းလဲတိုးတက်နေမှုများ၊ ဒေသတွင်းဖြစ်ပေါ် ပြောင်းလဲနေသော ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ADMM- Plus မူဘောင်အောက်ရှိ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။

ယခုနှစ်တွင် ထူးခြားသည်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမည့်အစား နှစ်စဉ်ကျင်းပကြရန် သဘောတူညီခြင်းဖြစ်သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အပေါင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အနာဂတ်အတွက် အသင့်ဖြစ်ပြီး ငြိမ်းချမ်းသာယာ ဝပြောသော အာဆီယံအသိုက်အဝန်း တစ်ရပ်အဖြစ် မြှင့်တင်ဆောင်ရွက်ခြင်းဆိုင်ရာ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ထူထောင်မှု(၁၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အာဆီယံအပေါင်း ကာကွယ်ရေး ဝန်ကြီးများ၏ ဘန်ဒါဆရီဘီဂါဝန် ကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့်သ ဘောတူညီထုတ်ပြန် ကြေညာခဲ့ကြသည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲ ပူးပေါင်းရင်း မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်တည်ငြိမ် အေးချမ်းသာယာရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။