အားကစားသည် လူတိုင်းအတွက် ကျန်းမာရေး

အားကစားသည် လူတိုင်းအတွက် ကျန်းမာရေး

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်သည် နိုင်ငံတော်အတွက် မရှိမဖြစ်သော လိုအပ်ချက် ဖြစ်သည်။ လူသားတိုင်းသည် ကျန်းမာရေးကိုအထူးလိုလားသည်။ ကျန်းမာမှ မိမိတို့ဘဝရှင်သန်နိုင်မည်။ ရှင်သန်မှ နိုင်ငံတော်အတွက်တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်ပေလိမ့်မည်။ ကျန်းမာကြံ့ခိုင်မှ ပညာကိုကောင်းမွန်စွာ သင်ယူနိုင်ကြ ပေလိမ့်မည်။ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အဓိကလိုအပ်ချက်မှာ လူတိုင်းအားကစားတစ်ခုခုကို မဖြစ်မနေ လေ့ကျင့်စေခြင်းပင်ဖြစ်သည်။

အားကစားလုပ်ဆောင်သူနှင့် အားကစားမလုပ်ဆောင်သူတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုသည် တူညီမှုမရှိပါ။ အားကစား လုပ်ဆောင်သူသည် ကိုယ်ခန္ဓာဖွံ့ဖြိုးသည်။ သွက်လက်လျင်မြန်သန်စွမ်းသည်။ အားကစားမလုပ်ဆောင်သူအဖို့ ကိုယ်ခန္ဓာ မဖွံ့ဖြိုး သလို ကျန်းမာသန်စွမ်းခြင်းလည်းမရှိပါ။ ထင်သာမြင်သာသော လက်တွေ့ဥပမာတစ်ခုကိုပြရလျှင် တပ်မတော်သားတိုင်းသည် ကျန်းမာသန်စွမ်းကြသည်။ တပ်မတော်သို့မဝင်ရောက်မီ အရပ်သားဘဝကရှိနေသော အရပ်အမောင်း၊ ကိုယ်ခန္ဓာထက် တပ်မတော် သို့ ဝင်ရောက်အမှုထမ်းပြီး တပ်မတော်သားဖြစ်သွားချိန်တွင်ရှိနေသော အရပ်အမောင်းတို့ကွာခြားသွားသည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည်ကဗျာထဲက “လာစမ်းဟဲ့ မေ့သား၊ အမယ်မင်း ထွားလိုက်တာ၊ စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့၊ ပခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း၊ တစ်နှစ်အတွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့” စာဆိုနှင့်အညီ ယနေ့ခေတ် တပ်မတော်သားတို့ ကျန်းမာကြံ့ခိုင်ကြသည်။ ကျန်းမာကြံ့ခိုင်အောင်လေ့ကျင့်ကြသည်။ မနက်မိုးလင်းသည်နှင့် ကျန်းမာရေးအတွက် မဖြစ်မနေ PT ပြေးလွှားကြရ သည်။ ထို့နောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ဆောင်ကြရသည်။ ကျန်းမာအောင်နေပါ။ သန်စွမ်းအောင်လေ့ကျင့်ပါဆိုသည့်အတိုင်း နေထိုင်ကျင့်ကြံကြရသဖြင့် ကျန်းမာရေးကောင်းမွန်သည်။ ကျန်းမာရေး ကောင်းမွန်သည့် အတွက် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့်ရှောက်ပေးနိုင် သည်။ အားကစားသည် လူတိုင်းအတွက် ကျန်းမာရေးကို ကောင်းမွန်စေသည်မှာမှန်ကန်ကြောင်း တပ်မတော်သားတို့ကို နမူနာပြလိုက်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူတို့သည်လည်း ကျန်းမာသန်စွမ်းရေးအတွက် လေ့ကျင့်ကြရသည်။ ဆိုလိုသည်မှာ မိမိတို့လူတစ်ဦးချင်း ကျန်းမာကြံ့ခိုင်ရေးအတွက် မိမိတို့ကိုယ်တိုင်လေ့ကျင့်ယူ၍ရပါကြောင်းကို အသိပေးလိုခြင်း ဖြစ်သည်။ ကျန်းမာရေးနှင့်ပညာရေးဆိုသည်မှာ သူ့အလိုလိုဖြစ်မြောက်လာသော အရာများမဟုတ်ပေ။ သင်ယူလေ့ကျင့်ရသော အရာများ ဖြစ်သည်။ ကျန်းမာအောင်လေ့ကျင့်ရမည်။ ပညာရည်မြင့်မားအောင်သင်ယူရမည်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးသည် တစ်မျိုးသားလုံး လုပ်ဆောင်ရမည့်အရာ ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ် ငန်းစဉ်များတွင်ပင် ထိုအချက်ကိုထည့်သွင်းထားသည်။

မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို ပြန်လည်မြှင့်တင်နိုင်ရေးကို လုပ်ဆောင်လျက်ရှိသည်။ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတစ်ခု၊ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုဖြင့် ခွဲထုတ်ပြီး အားကစားကို တိုးတက် မြင့်မားအောင် ကြိုးပမ်းစေလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အားကစားကွင်းများကို အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် လမ်းညွှန် ခဲ့ပြီး ပြီးစီးမှုအခြေအနေများကို ကိုယ်တိုင်ကွင်းဆင်း လေ့လာကြည့်ရှုလျက်ရှိသည်။ စက်တင်ဘာ ၁၇ ရက်က ပြင်ဦးလွင်ခရိုင် အားကစားလေ့ကျင့်ရေးစခန်း၌ အားကစားကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြင်ဦးလွင်မြို့သည် မြို့တည်သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီး သမိုင်းကြောင်းအစဉ်အလာရှိသည့် မြို့ဖြစ်သည်နှင့်အညီ မြို့၏ အဆင့်ဂုဏ်သိက္ခာနှင့် လျော်ညီသည့် အားကစားကွင်းတစ်ခုဖြစ်စေရေး၊ ပရိသတ်များ အဆင့်မီမီကြည့်ရှုနိုင်ရေး၊ အားကစား သမားများ အရည်အသွေးပြည့်မီစွာ လေ့ကျင့်စေနိုင်ရေး၊  အားကစားကွင်းများတွင်  ရှိသင့်ရှိထိုက်သည့် စံနှုန်းများနှင့်အညီ ထည့်သွင်း တွက်ချက်အဆင့်မြှင့်တင်ရန် လိုအပ်သည့် အခြေအနေများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ စက်တင်ဘာ ၁၈ ရက်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားကွင်းနှင့် စက်တင်ဘာ ၁၉ ရက်ကလားရှိုးမြို့ ခရိုင်အား ကစားကွင်းကိုကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များညွှန်ကြားခဲ့သည်။ နိုင်ငံတော် ပိုင်းဆိုင်ရာက လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးနေပြီဖြစ်သည့်အတွက်  ပြည်သူတစ်ရပ်လုံးကလည်း  တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးကို  အထူးအလေးထား လုပ်ဆောင်ကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။