အားလုံးအတွက် သီလ သမာဓိ ပညာ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်   ၁  ရက်

သံသရာဝဋ် ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ရန် ဟောကြားအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမဒေသနာတော်ကို''သာသနာ''ဟုခေါ်ပါသည်။ထိုသာသနာ၏ အနှစ်သာရကား...သီလ၊ သမာဓိ၊ ပညာများပင်ဖြစ်၏။ သီလ၏ အဓိပ္ပာယ်မှာ ပင်ကိုသဘော၊ အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သော အကျင့်စသည်တို့သည် သီလသဒ္ဓါ၏အနက် အဓိပ္ပာယ်များဖြစ်ပါသည်။ ကိုယ်ဖြင့်ပြုမှု (ကာယကံ)၊ နှုတ်ဖြင့်ပြုမှု(ဝစီကံ)တို့ကို ဖရိုဖရဲမဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟု ခေါ်ကြပါသည်။

သီလမှာ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့် အမည်အမျိုးမျိုး ရှိပါသည်။ လူသားတို့တွင် သီလသည် အထူးခြားဆုံး အဆန်းကြယ်ဆုံး အဆင်တန်ဆာဖြစ်ပေသည်။ အမွှေးပျံ့ဆုံး ရနံ့ထူးလည်းဖြစ်သည်။ စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မိုးစွေ(မြတ်လေး)ပန်းတို့၏မွှေးရနံ့ထက် သီလမွှေးရနံ့ကသာ အမွှေးပျံ့ဆုံး ဖြစ်သည်။ ထိုပန်းတို့၏ မွှေးရနံ့သည် အနည်းငယ်မျှသာဖြစ်သည်။ သီလရှိသူတို့၏ ကျော်စောသင်းပျံ့ မွှေးရနံ့ကား နတ်ပြည်တို့၌ပင် အလွန်အကဲ ပျံ့နှံ့မွှေးကြိုင်လှပါသည်။ သီလဖြင့်တန်ဆာ ဆင်ထားသောသူသည် တန်ဆာဆင်နည်း အမျိုးမျိုးတို့တွင် အထူးခြား အဆန်းကြယ်ဆုံး တန်ဆာဆင်နည်းဖြစ်သည်။

သီလကိုစောင့်ထိန်းက ကောင်းသော အကျိုးတရားကို ခံစားကြရမည်ဖြစ်ပေသည်။ ယင်းကောင်းကျိုး များမှာ မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကိုရရှိခြင်း၊ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့ထွက်ခြင်း၊ ပရိသတ်အလယ်သို့ မကြောက်မရွံ့ မျက်နှာမညှိုးမငယ် ချဉ်းကပ်ရခြင်း၊ မတွေမဝေသေရခြင်း၊ အချိန်တန်၍သေပြီးနောက် နတ်ပြည်ရောက်ရခြင်း စသော အကျိုးတရားများပင်ဖြစ်သည်။

ထို့ပြင် သီလကိုစောင့်ထိန်းသူသည် သာယာရွှင်လန်းခြင်း၊ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊ ကိုယ်စိတ် ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်း၊ ဟုတ်တိုင်းမှန်ရာကိုသိခြင်း စသောကောင်းကျိုးများ ရရှိပေမည်။ ဟုတ်တိုင်းမှန်ရာကို သိမြင်သောအခါ သံသရာဝဋ်ဒုက္ခကို ငြီးငွေ့ခြင်းတည်းဟူသော အားကောင်းသည့် ဝိပဿနာဉာဏ်ဖြစ်ပေါ်ပါသည်။ ထိုမှတစ်ဆင့် နိဗ္ဗာန်သို့ လျှောက်လှမ်း နိုင်မည်ဖြစ်ပေသည်။ သီလစောင့်ထိန်းခြင်း အတွက် ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးသာမက နိဗ္ဗာန်အထိ ရောက်စေနိုင်သော ကောင်းကျိုးများကို ရရှိပေလိမ့်မည်။ထို့ကြောင့်သီလကို''ကုသိုလ် အားလုံးတို့၏အစ''ဟု ဖော်ပြကြခြင်း ဖြစ်သည်။

သာသနာ၏ အနှစ်တရားတို့တွင် သမာဓိသည်လည်း တစ်ခုပါဝင်သည်။ သမာဓိဟူသည် တစ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်သည်။ စိတ်ကိုအာရုံ အမျိုးမျိုးသို့ မပျံ့လွင့်မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်ခြင်းသည် သမာဓိ၏ အဓိပ္ပာယ်ဖြစ်သည်။ သမာဓိအလုပ်သည် စိတ်ကူးယဉ် အလုပ်မဟုတ်သလို နှုတ်ဖြင့်ပြောရုံသာ ပြောရသောအလုပ်လည်း မဟုတ်ပေ။ လက်တွေ့အလုပ်သာ ဖြစ်သည်။

သမထ၊ ဝိပဿနာတစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံရှုပွားမှသာ စိတ်တည်ငြိမ်ပြီး သမာဓိကို ရရှိနိုင်ကြမည်ဖြစ်သည်။ သမာဓိကိုကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်း၊ ဉာဏ်အမြင်ကို ရခြင်းအစရှိသော အကျိုးများစွာ ရရှိမည်ဖြစ်သည်။

ပညာဆိုသောစကားမှာ မြန်မာတို့အသုံးများပြီး နားယဉ်ရင်းနှီးပြီးသား ဖြစ်သည်။ ပညာ၏အဓိပ္ပာယ်မှာ အများအပြား ကျယ်ကျယ်ပြန့်ပြန့် သိခြင်းဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး မည်သည့်အကြောင်းအရာကိုမဆို အမှန်အတိုင်းသိရှိခြင်းသည် ပညာ၏အဓိပ္ပာယ်ဖြစ်သည်။ ထိုပညာသည် အလင်းရောင်နှင့်တူပေသည်။ အလင်းရောင်သည် အမှောင်ကို ပယ်ဖျောက်နိုင်သကဲ့သို့ ပညာ(သိခြင်း)သည်လည်း မောဟ(မသိခြင်း)ကိုပယ်ဖျောက်နိုင်ပါသည်။ ထို့ကြောင့်ပင် ပညာနှင့်တူသော အလင်းရောင်မရှိ (ပညာသမာ အာဘာနတ္ထိ)ဟု ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ တိုးတက် ထွန်းကားရေးတွင် ပညာရည်မြင့်မားခြင်း (လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု)သည်လည်း ကဏ္ဍတစ်ခုအဖြစ် ရှေ့ဆုံးမှပါဝင်သည်။ လောက၌ ပညာရှိမှသာလျှင် အမျိုးဘာသာ၊ သာသနာရေး၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်တို့ကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။

လူငယ်တို့၏ဘဝအစ ပထမခြေလှမ်းသည် ပညာရေး လမ်းမပေါ် လျှောက်လှမ်းခြင်းဖြစ်သည်။ အခမဲ့ မသင်မနေရ ပညာရေးစနစ်တွင် လူငယ်အားလုံး ကျောင်းတက်ရေးဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်များ အောင်မြင်စွာ ပညာသင်ကြားနိုင်ရန် မိဘ၊ ဆရာအားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံ့တာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူကြရမည့် သူများသည် အသိပညာရှင် အတတ်ပညာရှင်ကြီးများ ဖြစ်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ပေမည်။ မိမိနိုင်ငံ မိမိလူမျိုး တိုးတက်ရေးလိုလားသူတိုင်းကလည်း အနာဂတ် နိုင်ငံတော်ကို အလှဆင်မည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းရမည်ဖြစ်ပေသည်။ ပညာသင်ကြားရေးကို ဖျက်ဆီးရန် ကြံရွယ်နေသူများ အနေဖြင့် မကောင်းမှုကိုမပြုဘဲ ကောင်းသောသီလကို ထိန်းလိုက်ပါ။ မိဘပြည်သူများ အနေဖြင့် ကျောင်းသားများ ကောင်းမွန်စွာ ပညာသင်ကြားရေးကို ဦးတည်သော သမာဓိကို ကိုင်စွဲထားပါ။ ကျောင်းသား၊ ကျောင်းသူများ အတွက်ကား ပညာကိုသာ ရှေးရှု ဆောင်ရွက်ပါဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။   ။