COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း၊ အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၁

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက် အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ပြည်သူ့ဆေးရုံနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံတိုက်နယ်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ပြည်သူ့ဆေးရုံ၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့ တိုက်နယ်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံ၊ ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကင်းဆိပ်ကျေးရွာ၊ တိုက်နယ်ဆေးရုံနှင့် ရွှေတောင်မြို့ ပြည်သူ့ဆေးရုံသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။