COVID-19 ရောဂါကြောင့် ထိခိုက်မှု အများဆုံးမှာ အထည်ချုပ် အလုပ်သမားများဖြစ်ပြီး လူသုံးကုန်လုပ်ငန်းများမှာ ဒုတိယ အများဆုံးဖြစ်

COVID-19 ရောဂါအကျိုး သက်ရောက်မှုကြောင့် ထိခိုက်မှု အများဆုံးမှာ အထည်ချုပ် အလုပ်သမားများဖြစ်ပြီး လူသုံးကုန်လုပ်ငန်းများမှ  အလုပ်သမားများမှာ ဒုတိယ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်   ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက် နှင်းအောင်၏ ပြောဆိုချက်အရ သိရသည်။

COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်က တရုတ်နိုင်ငံမှ ကုန်ကြမ်းများဝင် ရောက်နိုင်မှု မရှိခဲ့သည့်အပြင် ကုန်ချောဝယ်ယူသည့်နိုင်ငံမှလည်း စီးပွားရေးဆိုင် ရာအထိနာမှုများ ရှိခဲ့သည်။ လက်ရှိတွင် အော်ဒါမှာယူမှုမှာလည်း ရေရာသည့်အခြေ အနေတွင် မရှိသေးသောကြောင့် စက်ရုံ ပိတ်သိမ်းမှု များပြားကာ   အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်နေကြောင်း သိရသည်။

''အထည်ချုပ်အလုပ်သမားတွေ အများဆုံး ထိခိုက်မှုရှိတယ်။  ပြီးရင် လူသုံးကုန် လုပ်ငန်းက အလုပ်သမားတွေပါ။ လူသုံးကုန် လုပ်ငန်းတွေမှာဆိုရင် အဝတ်အထည်၊  အိတ်၊  ထီး၊  ဖိနပ်လုပ်ငန်းက အလုပ်သမားတွေက ထိခိုက်နစ်နာမှုရှိတယ်'' ဟု  ဦးသက် နှင်းအောင် ကပြောသည်။

ထို့ပြင် COVID-19 ရောဂါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ  ရပ်ဆိုင်း ရမှုများ ရှိခဲ့ရာ  ဆောက်လုပ်ရေး အလုပ်သမားများ    တတိယ ထိခိုက်မှုရှိကြောင်း သိရသည်။

''အလုပ်လက်မဲ့ ဦးရေကလည်း   ဒီကာလမှာ သန်းနဲ့ချီပြီးဖြစ်သွားနိုင်တယ် လို့  ကျွန်တော်တို့ သုံးသပ်လို့ရတယ်'' ဟု ဦးသက်နှင်းအောင် ကပြောသည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း  အလုပ်ထုတ်ပယ် သည့်ကိစ္စများကိုလည်း ဖြေရှင်းပေးနေရပြီး COVID-19 ရောဂါကြောင့် အလုပ်သမား လျှော့ချခြင်းအပြင် အလုပ်သမား သမဂ္ဂများအား ပစ်မှတ်ထား လျှော့ချခြင်းများ လည်းရှိနေကြောင်း သိရသည်။