COVID-19 ရောဂါ ကူးစက်မှု မခံရရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၁၁ ရက်)

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ လျင်မြန်လျက်ရှိနေသည်။

သြဂုတ်လနောက်ပိုင်း စက်တင်ဘာလအတွင်းမှာ ကူးစက်မှု များပြားခဲ့သည်။ အဓိက ကူးစက်မှုဖြစ်ပွားခဲ့သည်မှာ ရခိုင်ပြည်နယ်မှာ ကူးစက်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ဖြစ်နေချိန်တွင် လေကြောင်းလိုင်းကနေ ခရီးသည်အများအပြား ဝင်လာခြင်းကြောင့်  ရန်ကုန်တွင် ကူးစက်ခံရမှု များခဲ့သည်။ ကူးစက်မှုများပြီး သေဆုံးမှုလည်း များခဲ့သည့်အခြေအနေကို ရင်ဆိုင်နေရသည်။

ရောဂါပြန့်ပွားမှုဖြစ်စဉ်များကိုလေ့လာကြည့်ပါကလည်း နယ်စပ်ဒေသမှ ဝင်လာသူများ၊ လေကြောင်းလိုင်းမှ ဝင်လာသူခရီးသည်များကြောင့် ကူးစက်မှုဖြစ်ရသည်။ တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ ယခု

ရက်ပိုင်းအတွင်း ကူးစက်လူနာ များပြားလာသည့်အတွက် အသက်ရှူခက်ခဲမှုကို ပြေလည်စေရန် အောက်ဆီဂျင်ဘူးများ လှူဒါန်းလျက်ရှိသည်။ ရောဂါပိုးတွေ့ လူနာများကို အနီးကပ်ပြုစု ကုသပေးရန် နေရာများစွာကို ဖန်တီးပေးလျက်ရှိသည်။ စားသောက်ရေးဆိုင်ရာအတွက်လည်း တပ်မတော်ကပင် တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိသည်။

COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားချိန်မှ သြဂုတ်လအထိ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့သော်လည်း စက်တင်ဘာလမှ စတင်ကာ ဒုတိယအကြိမ် ရောဂါပြန်လည်ထကြွလာသည်။

ရောဂါကြောင့်သေဆုံးသူ များပြားလာခြင်းကို စိစစ်ကြည့်လျှင် အသက်ကြီးသူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများတွင် ရောဂါကူးစက်ခံရပါက အခြားသူများထက် သေဆုံးမှုမြင့်မားသည်။ ကိုဗစ်ရိုးရိုးဖြစ်ပါက လူ ၁ဝဝ မှာ တစ်ယောက်သာ သေဆုံးနိုင်ခြေရှိသော်လည်း သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ရှိသူများမှာ ခုနစ်ယောက်မှ ၁ဝ ယောက်အထိ အသက်ဆုံးရှုံးနိုင်ပေသည်။

လူတစ်ဦးတွင် အဖျားလက္ခဏာနှင့် အတူ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာ၊ အနံ့ပျောက် စသည်တို့ တွဲဖြစ်လာပြီး ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းများ ဖြစ်လာလျှင် ယခင်က ပါရာစီတမောနှင့် ဘာမီတွန်လောက်သောက်လျှင် ပျောက်သွားနိုင်သည်။ ယခင်အချိန်များက သာမန်တုပ်ကွေးဟု သတ်မှတ်၍ရသော်လည်း ယခုအခါတွင် COVID-19 ရောဂါဖြစ်ပွားလာမှုကြောင့် မိမိတွင် ထိုရောဂါ လက္ခဏာများ ဖြစ်လာသည်နှင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွားရောက်ကာ စစ်ဆေးမှု ခံယူရပေမည်။ ရောဂါဖြစ်ကြောင်း စောစောသိလျှင် စောစောကုသနိုင်သည်။

လက်ရှိအခြေအနေမှာ COVID-19 ရောဂါကူးစက်ခံရသူ လူ ၁ဝ ဦးတွင် ရှစ်ဦးခန့်မှာ ရောဂါလက္ခဏာ မပြဘဲရှိသည်။ ကျန်းမာရေး ရှုထောင့်ကကြည့်လျှင် အလွန်စိုးရိမ်ဖွယ် ကောင်းလှပါသည်။ ရောဂါကူးစက်ခံရသူ လူနာတစ်ဦးအနေဖြင့် မိမိကိုယ်တိုင်မှာ ရောဂါပိုးသယ်ဆောင်သူဖြစ်သည်ကိုမသိဘဲ ပတ်ဝန်းကျင်တွင် သွားလာနေခြင်း၊ ကိုယ့်ကိုယ်ကိုယ် လူကောင်းထင်ကာ ဈေးထဲသွားခြင်းများသည် စိုးရိမ်ဖွယ်ဖြစ်ပေသည်။ ထိုသူမှတစ်ဆင့် အခြားသူကို ထပ်ဆင့်ကူးစက်နိုင်သည်။ ကူးစက်မှုနှုန်းက လျင်မြန်လွန်းသည်။

ကူးစက်မှုနည်းလမ်းများမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့်သော် လည်းကောင်း၊ ရောဂါရှိသူသည် သူ၏လက်ဖြင့် သူ၏နှာခေါင်းကို ထိတွေ့ခြင်းဖြင့် လည်းကောင်း၊ ထိုလက်ဖြင့် တစ်နေရာရာကို ကိုင်ထားခြင်းဖြင့်လည်းကောင်း၊ ထိုနေရာက အခြားသူတစ်ဦးဦးကလာ၍ ကိုင်ထားခြင်းဖြင့်လည်းကောင်း၊ ပိုက်ဆံကသော် လည်းကောင်း ကူးစက်နိုင်သည်။ ရောဂါပိုးသယ်ဆောင်ထားသူ ကိုယ်တိုင်မှာ ရောဂါရှိမှန်း မသိခြင်းကြောင့် လူတိုင်းနှာခေါင်းစည်းကို မဖြစ်မနေ တပ်ကြရန်လိုသည်။ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေကြရန်လိုသည်။ ဘာပဲကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ကိုဆေးရန်လိုသည်။ ထိုလက်နှင့် မျက်နှာတစ်ဝိုက်ကို မထိကြရန်လိုသည်။ ဤသည်မှာ ရိုးအီနေပြီဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်နည်းဖြစ်သည်။

ထူးခြားချက်တစ်ခုမှာ မိမိတွင် ရောဂါရှိမှန်း စောစောသိပါက စောစောကုသ ပျောက်ကင်းနိုင်သည်။

ရောဂါလက္ခဏာစပြီး သုံးရက်အတွင်း ကုသနိုင်လျှင် ထိရောက်မှုရှိသော်လည်း ရှစ်ရက်၊ ကိုးရက်မှရောက်လာမည်ဆိုပါက ထိရောက်မှုအားနည်းသည်။ စောစောသိခြင်းအားဖြင့် မိသားစုဝင်များကို ကူးစက်မှုလျော့နည်းနိုင်ပေမည်။ မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှာ ပထမဆုံးဝင်ခဲ့သောဗိုင်းရပ်ထက် ယခုလက်ရှိတွေ့ရှိဖြစ်ပွားနေသော ဗိုင်းရပ်က ကူးစက်မှု ၁ဝ ဆမြန်ကြောင်း အထောက်အထားများလည်း တွေ့ရှိနေကြောင်း ပညာရှင်များ ထုတ်ဖော်ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ဗိုင်းရပ်ကာကွယ်ဆေးကို ၂ဝ၂၁ ခုနှစ် နှစ်လယ်ခန့်မှသာ အစောဆုံး သုံးနိုင်မည်ဖြစ်ပေရာ ပြည်သူတစ်ဦးချင်း အနေဖြင့် မိမိကိုယ်ကို မိမိကာကွယ် စောင့်ရှောက်ခြင်းဖြင့်သာ COVID-19 ရောဂါကူးစက်မှု မခံရရေး အလေးထား လုပ်ဆောင်ကြပါရန် မြဝတီက တိုက်တွန်းရေးသား လိုက်ရပေသည်။    ။